နေပြည်တော်၊ ဒီဇင်ဘာ ၃
အိန္ဒိယနိုင်ငံ၊ ဘိုပါးမြို့ရှိ အမျိုးသားတရားစီရင်ရေးအကယ်ဒမီ (National Judicial Academy, Bhopal India) တွင်၂၀၂၂ ခုနှစ် ဒီဇင်ဘာ လ ၅ ရက်နေ့ မှ ၈ ရက်နေ့အထိ ဖွင့်လှစ်မည့် “တရားသူကြီးများနှင့်တရားရေးအရာရှိများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းအစီအစဉ်” သို့ တက်ရောက်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့် တရားရုံးအဆင့်ဆင့်ရှိခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တရားသူကြီးများ၊ တရားရေးအရာရှိများပါ၀င်သည့် သင်တန်းသား (၄၀) ဦး သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားပါသည်။
သင်တန်းသားများသည် အဆိုပါသင်တန်း၌ အိန္ဒိယနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ၊ အိန္ဒိယနိုင်ငံတရားစီရင်ရေးစနစ်၊ တရားသူကြီးကျင့်ဝတ်၊ စီရင်ချက်ရေးသားခြင်း၊ တရားရုံးစီမံခန့်ခွဲမှု၊ သက်သေခံဥပဒေ၊ တရားရုံးနည်းပညာ၊ တရားမနှင့်ရာဇဝတ်ဥပဒေများ၊ ဥပဒေရေးရာဆေးပညာ၊ တရားမကျင့်ထုံးဥပဒေနှင့် တရားမမှုစစ်ဆေးခြင်း၊ အခြားနည်းလမ်းဖြင့် အငြင်းပွားမှုဖြေရှင်းခြင်းတို့ကို လေ့လာသင်ယူခွင့်ရရှိကြမည့်အပြင်၊ အိန္ဒိယနိုင်ငံ၊ ဘိုပါးမြို့ရှိဆေးသုတေသနတက္ကသိုလ်၊ ခရိုင်တရားရုံးနှင့် ဗဟိုအကျဉ်းထောင်တို့ကို သွားရောက်လေ့လာခွင့်ရရှိမည်ဖြစ်ပါသည်။
အဆိုပါသင်တန်းအစီအစဉ်သည် ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ၊ အမျိုးသားတရားစီရင်ရေးအကယ်ဒမီတို့အကြား လက်မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံမှတရားသူကြီးများနှင့် တရားရေးအရာရှိများအား အိန္ဒိယနိုင်ငံသို့စေလွှတ်၍ သင်တန်းပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာအရစေလွှတ်ခြင်းဖြစ်သည်။