နေပြည်တော်၊ နိုဝင်ဘာ ၂၄
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံတရားစီရင်ရေး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အားကောင်းမှုအတွက် အခြေခံဖြစ်သည့် ယခင်မဟာဗျူဟာစီမံကိန်း၏ အတွေ့အကြုံနှင့်အောင်မြင်မှုတို့အပေါ် အခြေပြု၍ မဟာဗျူဟာစီမံကိန်းအသစ်တစ်ရပ် ရေးဆွဲနိုင်ရန်ရည်ရွယ်၍ “တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း ( ၂၀၂၃ - ၂၀၂၇ ခုနှစ်) ရေးဆွဲရေးလုပ်ငန်းအဖွဲ့” နှင့် တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော်များ၏ အပြီးသတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး” ကို ယနေ့နံနက်ပိုင်းတွင် အွန်လိုင်းဖြင့် ကျင်းပပြုလုပ်သည်။
အဆိုပါ အွန်လိုင်းဖြင့်ကျင်းပပြုလုပ်သည့် ညှိနှိုင်းဆွေးနွေးပွဲသို့ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဥက္ကဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးမျိုးတင့်၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းအောင်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တရားလွှတ်တော်များမှ တရားရေးဦးစီးမှူးများ၊ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း ( ၂၀၂၃ - ၂၀၂၇ ခုနှစ်) ရေးဆွဲရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ လက်ရှိမဟာဗျူဟာစီမံကိန်း ( ၂၀၁၈ - ၂၀၂၂ ခုနှစ်) ကို ပြန်လည်သုံးသပ်ရေး၊ မဟာဗျူဟာစီမံကိန်းအသစ် ( ၂၀၂၃ - ၂၀၂၇ ခုနှစ် ) ရေးဆွဲရေးနှင့် ပထမနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် ( ၂၀၂၃ ခုနှစ် ) ရေးဆွဲရေး လုပ်ငန်းစဉ်များကိုအပြီးသတ် ဆွေးနွေးခဲ့ကြသည်။
တရားစီရင်ရေးဆိုင်ရာ ရည်မှန်းချက်များနှင့်အညီ တရားစီရင်ရေးကဏ္ဍ ပိုမိုတိုးတက် ကောင်းမွန်လာစေရန်ရည်ရွယ်၍ ပထမအကြိမ်သုံးနှစ်တာ တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း ( ၂၀၁၅ - ၂၀၁၇ ခုနှစ် ) ကို အောင်မြင်စွာ အကောင်အထည်ဖော်ပြီးနောက် ဒုတိယမြောက် ငါးနှစ်တာတရားစီရင်ရေးမဟာဗျူဟာစီမံကိန်း ( ၂၀၁၈ - ၂၀၂၂ ခုနှစ် ) ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စီမံကိန်းကာလသည် ၂၀၂၂ ခုနှစ်တွင် ပြီးမြောက်မည်ဖြစ်သည်။