ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေးသို့တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ ၇

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် မလေးရှားနိုင်ငံ တရားရုံးချုပ်မှ ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ မှ ၅ ရက်နေ့အထိ ကျင်းပခဲ့သည့် “(၁၀) ကြိမ်မြောက် အာဆီယံ တရားသူကြီးချုပ်များကောင်စီ အစည်းအ​ဝေး  (10th Council of ASEAN Chief Justices’ Meeting - CACJ)” သို့ မလေးရှားနိုင်ငံ၊ တရားရုံးချုပ်တရားသူကြီးချုပ် The Hon. Tun Tengku Maimun binti Tuan Mat ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတက်ရောက်ခြင်း

အဆိုပါ (၁၀) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များ ကောင်စီအစည်းအဝေးသို့  ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့်အတူ အာဆီယံတရားသူကြီးချုပ်များကောင်စီ (CACJ) အဖွဲ့ဝင်များဖြစ်သည့် အာဆီယံနိုင်ငံများမှတရားသူကြီးချုပ်များ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေး

“(၁၀) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီအစည်းအ​ဝေး” တွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ကောင်စီအလှည့်ကျဥက္ကဋ္ဌဖြစ်သူ မလေးရှားနိုင်ငံ၊ တရားရုံးချုပ်တရားသူကြီးချုပ် The Hon. Tun Tengku Maimun binti Tuan Mat နှင့်တကွ ကျန်အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များနှင့်အတူ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုတရားသူကြီးချုပ်သည် အစည်းအဝေးတွင် CACJ လုပ်ငန်းအဖွဲ့များဖြစ်သည့် အာဆီယံတရားရေး သတင်းအချက်အလက်ပေါ်တယ် (ASEAN Judiciaries Portal -AJP)၊ အာဆီယံဒေသတွင်း တရားမမှုခင်းဆင့်စာဆင့်ဆိုမှု လွယ်ကူစေရေး (Facilitating Service of Civil Processes within ASEAN)၊ မှုခင်းစီမံခန့်ခွဲမှုနည်းလမ်းများနှင့် တရားရုံးဆိုင်ရာနည်းပညာအသုံးပြုမှု (Case Management and Court Technology)၊ တရားစီရင်ရေးဆိုင်ရာ လေ့ကျင့်ခြင်းနှင့် သင်ကြားပေးခြင်း (Judicial Education and Training)၊ နိုင်ငံဖြတ်ကျော်ဖြစ်ပွားသည့် မိသားစုမှုခင်းဆိုင်ရာ ကလေးသူငယ်အငြင်းပွားမှုများ ဖြေရှင်းရေး (Cross-Border Disputes Involving Children)၊ အာဆီယံနှင့် အခြားသော မိတ်ဖက်နိုင်ငံများ တွေ့ဆုံဆွေးနွေးမှုပြုခြင်း (ASEAN+Meetings) စသည့် လုပ်ငန်းအဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက တင်သွင်းလာသည့် အစီရင်ခံစာများနှင့် CACJ နှင့် ဆက်စပ် လျက်ရှိသည့် ကိစ္စရပ်များအပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ပါဝင်ဆွေးနွေးခဲ့ပါသည်။ ယင်းနောက် အခြားသော အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များနှင့်အတူ (၁၀) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေး ကြေညာချက်ဖြစ်သည့် ကွာလာလမ်ပူကြေညာချက် (Kuala Lumpur Declaration) ကို လက်မှတ်ရေးထိုးအတည်ပြု ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အာဆီယံတရားသူကြီးချုပ်များကောင်စီ၏ ဆယ်နှစ်တာလုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ရန်နှင့်ရှေ့လုပ်ငန်းစဉ်များချမှတ်ရန်အတွက် ပြန်လည်သုံးသပ်သည့်အစည်းအဝေး (CACJ Retreat) ကို ၂၀၂၃ ခုနှစ်တွင် ကျင်းပရန်သဘောတူညီခဲ့ကြသည်။ 

 

အာဆီယံနှင့် အခြားသော မိတ်ဖက်နိုင်ငံများတွေ့ဆုံဆွေးနွေးမှုအစည်းအဝေး

အစည်းအဝေး ဒုတိယနေ့တွင် အာဆီယံနှင့် အခြားသော မိတ်ဖက်နိုင်ငံများတွေ့ဆုံဆွေးနွေးမှု ပထမအကြိမ်အစည်းအဝေး (Inaugural ASEAN+Meetings) ကျင်းပခဲ့ပြီး၊ အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များက လူကိုယ်တိုင်လည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံ တရားရုံးချုပ်တရားသူကြီးချုပ်၊ ဂျပန်နိုင်ငံ တရားရုံးချုပ်တရားသူကြီးချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ံတရားရုံးချုပ် တရားသူကြီးချုပ်တို့က အွန်လိုင်းဖြင့်လည်းကောင်း တက်ရောက်ခဲ့သည်။ ယင်းအစည်းအဝေးတွင် တရားရုံးနည်းပညာအသုံးပြုခြင်းနှင့် တရားမျှတမှု လက်လှမ်းမီရေး စိန်ခေါ်မှုများနှင့် အဓိကအောင်မြင်မှုအချက်များ( Court Technology and Access to Justice: Challenges and Key Success Factors) နှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားသူကြီးချုပ်က မြန်မာတရားစီရင်ရေးအတွေ့အကြုံများကို ပါဝင်ဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသောင်းနိုင် နှင့် CACJ ၏ လုပ်ငန်းအဖွဲ့များအတွက်  ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ပါဝင်ဆောင်ရွက်လျက်ရှိသည့်  လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။