(၁၇) ကြိမ်မြောက် ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်း

နေပြည်တော် အောက်တိုဘာ ၁၄

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၁၇) ကြိမ်မြောက် ကထိန်လျာသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် COVID-19 ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက် (၀၆:၀၀) နာရီအချိန်က ပြည်ထောင်စုတရားလွှတ်တော်ချုပ် စုဝေးခန်းမ၌   ကျင်းပပြုလုပ်ခဲ့ရာ  ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများ၊ တရားရေးအရာထမ်းများနှင့်အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

 

ထို့နောက် အခမ်းအနားသို့ ဇဗ္ဗူအေးကျောင်းတိုက်၊ လမ်းသပြေကုန်းကျောင်းတိုက်နှင့် ဇေယျသိမ်ကျောင်းတိုက်တို့မှ ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များအား ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြပြီးနောက်  ဆရာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတန်းပေးဝေခဲ့ပြီး ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ရုပ်သိမ်းခဲ့ပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၁၇) ကြိမ်မြောက် ကထိန်လျာသင်္ကန်း ဆက်ကပ် လှူဒါန်းရာတွင် ပစ္စည်းနှင့်အလှူငွေစုစုပေါင်းတန်ဖိုးမှာ (၁၅,၃၉၀,၇၅၀) ကျပ် ဖြစ်ပါသည်။