နေပြည်တော် ဖေဖော်ဝါရီ ၁၂
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ပူးပေါင်း၍ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော်၊ Park Royal ဟိုတယ်၌ ကျင်းပရာ လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး တက်ရောက်အမှာစကား ပြောကြားသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ စတင်အကောင်အထည်ဖော်သည့် “တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်” နှင့်စပ်လျဉ်း၍ တိုးချဲ့ဆောင်ရွက်ရန် လျာထားချက်များ၊ စမ်းသပ်အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တရားရုံးများမှ တာဝန်ခံတရားသူကြီးများနှင့် စေ့စပ်ဖြေရှင်းရေးအရာရှိများက ၎င်းတို့၏ တွေ့ရှိချက်များကို ဆွေးနွေးမည် ဖြစ်သည်။
ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံးတို့မှ လုပ်ငန်းကော်မတီဝင်နှင့် လုပ်ငန်းအဖွဲ့ဝင်များ၊ စမ်းသပ်အစီအစဉ် ဆောင်ရွက်လျက်ရှိသည့် ဒက္ခိဏခရိုင်တရားရုံး၊ တောင်ငူခရိုင်တရားရုံး၊ တောင်ငူမြို့နယ်တရားရုံးနှင့် တပ်ကုန်းမြို့နယ်တရားရုံးတို့မှ တာဝန်ခံတရားသူကြီးများနှင့် စေ့စပ်ဖြေရှင်းရေးအရာရှိများ၊ စမ်းသပ်အစီအစဉ် တိုးချဲ့ဆောင်ရွက်ရန် လျာထားသည့် ဒက္ခိဏခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများမှ တရားသူကြီးများနှင့် တရားရုံးဝန်ထမ်းများ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ တာဝန်ရှိသူများ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်သည်။