နေပြည်တော်၊ စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ၃.၉.၂၀၂၂ ရက်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အဆိုပါရုံးနေရာ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေတို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်တို့က မြို့နယ်တရားရုံး ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသည့် တာဝန်ရှိသူများက ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြပါသည်။ ထို့နောက် အမှတ်တရစုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ဆက်လက်ပြုလုပ်ရာ ဇွဲမာန်ဟုန် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူက အဆောက်အဦနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အဆောက်အဦနှင့်ပတ်သက်သည့် စာရွက် စာတမ်းများကို လွှဲပြောင်းပေးအပ်ခြင်း၊ အထိမ်းအမှတ်ဖန်သားတံဆိပ်တုံး ၊ အထိမ်းအမှတ် အလံငယ်များပေးအပ်ခြင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တရားသူကြီး ဦးစည်သူကျော်မှ ကျေးဇူးတင်စကားပြောကြားခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တရားရုံး၊ ပင်မရုံးအဆောက်အဦသစ်မှာ အနံ ၉၆ ပေ၊ အလျား ၁၂၀ ပေ အကျယ်အဝန်းရှိ သံကူကွန်ကရစ်အမျိုးအစား လေးထပ်အဆောက်အဦ ဖြစ်ပြီး တရားရုံးအသုံးပြုသူ ပြည်သူများအနေဖြင့် တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိကြောင်းသိရှိရသည်။