တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်ဆောင်ရွက်မှုအစီရင်ခံစာ ထုတ်ပြန်ခြင်း

နေပြည်တော်၊ ဩဂုတ် ၃၀

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် “တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေး စမ်းသပ် အစီအစဉ်ဆောင်ရွက်မှု အစီရင်ခံစာ” အား ယနေ့ထုတ်ပြန်လိုက်သည်။  

တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ၏ မဟာဗျူဟာအစီအစဉ်ပါ လုပ်ငန်းတစ်ရပ်ဖြစ်သည့် “တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစမ်းသပ်အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း” ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ၁-၃-၂၀၁၉ ရက်နေ့မှ ၃၁-၇-၂၀၂၂ ရက်‌နေ့အထိ သတ်မှတ်တရားရုံးများ၌ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ၊ စမ်းသပ်အစီအစဉ်ဆောင်ရွက်သည့် ၃ နှစ် နှင့် ၅ လတာ ကာလအတွင်း စေ့စပ်ဖြေရှင်းရေး ဌာနအသီးသီးတွင် တရားမမှုစုစုပေါင်း ၃၆၇၈ မှုကို စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ပေးခဲ့ပြီး၊ တရားမမှု ၁၀၃၉ မှု မှာ စေ့စပ် ဖြေရှင်းရေးအောင်မြင်သဖြင့် စေ့စပ်ဖြေရှင်းရေးဆောင်ရွက်သည့်အမှုစုစုပေါင်း၏  ၂၈.၃ % ကို အောင်မြင်စွာ စေ့စပ်ဖြေရှင်းပေးနိုင်ခဲ့သည်။  

အဆိုပါအောင်မြင်မှုကိုအခြေခံ၍ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား ၁-၈-၂၀၂၂ ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်းရှိ တရားရုံးများတွင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

စမ်းသပ်အစီအစဉ်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ အသေးစိတ်လေ့လာဖတ်ရှုလိုပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အင်တာနက်စာမျက်နှာ https://www.unionsupremecourt.gov.mm  ၏ တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။