ပြည်‌ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ၏ (၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၁၈

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ၏ (၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားရာတွင် တရားရုံးများသည် ရာဇဝတ်မှုခင်းများနှင့် တရားမမှုခင်းများကို ကြန့်ကြာမှုမရှိစေဘဲ ဥပဒေနှင့်အညီမှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ကြရန်ဖြစ်ကြောင်း၊ သီးသန့်တရားရုံးဖြင့်စစ်ဆေးလျက်ရှိသည့် အမှုများကိုလည်း မှန်မှန်နှင့်မြန်မြန်စစ်ဆေးပြီးပြတ်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ထပ်မံတိုးချဲ့ပြင်ဆင် ဖွဲ့စည်းလိုက်သည့်ခရိုင်များတွင် တရားစီရင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ခရိုင်တရားရုံးများကိုဖွင့်လှစ်လိုက်ပြီဖြစ်၍ လုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များက ကြပ်မတ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တရားမမှုများတွင်တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို တရားရုံးအားလုံးတွင် ၁-၈-၂၀၂၂ ရက်နေ့မှစတင်၍ ကျင့်သုံးဆောင်ရွက်နေပြီဖြစ်ရာ စေ့စပ်ဖြေရှင်းရေးလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းမှန်ကန်စွာ ဆောင်ရွက်နိုင်ရေးအတွက် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးလက်စွဲကို လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးဆိုသည်မှာ တရားမမှုများအား အမှုသည်တို့၏ဆန္ဒအရဖြစ်စေ၊ သတ်မှတ်ချက်အရဖြစ်စေ တရားရုံးရှိစေ့စပ်ဖြေရှင်းရေးဌာန၌ အမှုသည်များကိုယ်တိုင်ပါဝင်ပြီး စေ့စပ်ဖြေရှင်းရာတွင် တရားရုံးကတာဝန်ပေးအပ်သည့် စေ့စပ်ဖြေရှင်းရေးအရာရှိတစ်ဦးက အမှုသည်များ အကြား ကူညီဆောင်ရွက်ပေးခြင်းဖြင့် အငြင်းပွားမှုကိုဖြေရှင်းခြင်းဖြစ်ကြောင်း၊ စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ခြင်းဖြင့် အမှုသည်များအချင်းချင်း ညှိနှိုင်းအဖြေရှာပြီး အငြင်းပွားမှုကိုအချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် ဖြေရှင်းပြီးစီးနိုင်မှာဖြစ်သကဲ့သို့ တရားရုံးရှိ တရားမမှုလက်ကျန်လျော့ကျရေးကို အထောက်အကူဖြစ်စေနိုင်သည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း၊ စေ့စပ် ဖြေရှင်းရေးစနစ် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များကလည်း လိုအပ်သည်များ လမ်းညွှန် ကြီးကြပ်ရန်လိုကြောင်း၊ ၂၀၂၂ ခုနှစ် သည် တရားစီရင်ရေးငါးနှစ်မဟာဗျူဟာစီမံကိန်း၏ ပဉ္စမနှစ်ဖြစ်၍ မဟာဗျူဟာစီမံကိန်းရည်မှန်းချက်များအောင်မြင်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားကြရန်ဖြစ်ကြောင်း၊ မိမိတို့လိုက်နာစောင့်ထိန်းရမည့် ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်၊ စည်းကမ်းများကို လိုက်နာစောင့်ထိန်းပြီး အဂတိကင်းရှင်းစွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်ဖြစ်ကြောင်းဖြင့်ပြောကြားသည်။

ဆက်လက်၍  မှုခင်းများစစ်ဆေးစီရင်ခဲ့မှုနှင့်စပ်လျဉ်းပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ရာဇဝတ်အမှုပေါင်း (၄၆၂) မှု လက်ခံရရှိပြီး (၃၅၆) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၈၈၂) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၈ မှု အပါအဝင်) (၈၉၀) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တရားလွှတ်တော်များမှာ ရာဇဝတ်အမှုပေါင်း (၁၇၈၂) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁၉၉ မှု အပါအဝင်) (၁၉၈၁) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၂၀၉၆) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁၁၃ မှု အပါအဝင်) (၂၂၀၉) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများနှင့် ခရိုင်တရားရုံးများမှာ ရာဇဝတ်အမှုပေါင်း (၁၀၈၂၇) မှု လက်ခံရရှိပြီး (၉၄၁၂) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၇၁၂၉) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၅ မှု အပါအဝင်) (၇၁၃၄) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ မြို့နယ်တရားရုံးများမှာ ရာဇဝတ်အမှုပေါင်း (၇၁၀၀၄) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၆၇၄၇ မှု အပါအဝင်) (၇၇၇၅၁) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမ အမှုပေါင်း (၁၀၆၂၈) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁၈၃၂ မှု အပါအဝင်) (၁၂၄၆၀) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ ဥပဒေအရတည်ထောင်သော အခြားတရားရုံးများဖြစ်သည့် ကလေးသူငယ်တရားရုံး (ရန်ကုန်နှင့်မန္တလေး) မှာ ကလေးသူငယ်ဥပဒေအရ စွဲဆိုတင်ပို့သည့်အမှုပေါင်း (၁၆၈) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၇ မှု အပါအဝင်) (၁၇၅) မှု စစ်ဆေးပြီးပြတ် ကြောင်း၊ စည်ပင်သာယာတရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေး) တို့မှာ စည်ပင်သာယာဥပဒေအရ စွဲဆိုတင်ပို့သည့်အမှုပေါင်း (၂၇၃၃) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၂၃ မှု အပါအဝင်) (၂၇၅၆) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ မော်တော်ယာဉ်တရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေး) တို့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်၍ မော်တော်ယာဉ်ဥပဒေအရစွဲဆို တင်ပို့သည့် အမှုပေါင်း (၁၉၇၈၃) မှုကို စစ်ဆေးစီရင်ခဲ့ကြောင်းမှုခင်းများကို ဥပဒေနှင့်အညီ မှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်ရေးသည် တရားရုံး၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည်နှင့်အညီ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်းပြောကြားသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူး များတက်ရောက်ကြပြီး၊  တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများသည် ဗီဒီယိုကွန်ဖရင့်ဖြင့်တက်ရောက်ကြသည်။ အစည်းအဝေးကို ဩဂုတ်လ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။