နေပြည်တော်၊ ဩဂုတ် ၁၃
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်းမတွင် ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ (DNFBPs) နှင့်စပ်လျဉ်း၍ ရှေ့နေရှေ့ရပ်များအတွက် အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့ နေ့လည် (၂:၀၀) နာရီ အချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက အမှာစကားပြောကြားခဲ့သည်။ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ဒုတိယရဲမှူးကြီး မြင့်စိုးမှရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ထုံး/ အငြင်းပွားမှု/ စစ်ဆေးရေး)၊ ရှေ့နေရှေ့ရပ်နှင့် စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံရှေ့နေအသင်းမှ ရှေ့နေရှေ့ရပ် (၁၃၅) ဦး တက်ရောက်ခဲ့သည်။