တရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်း ကျင်းပ

နေပြည်တော်၊ ဇူလိုင် ၂၃


ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးတရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများတွင်စွဲဆိုသည့် တရားမမှုများနှင့်စပ်လျဉ်း၍ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို ကျင့်သုံးမည်ဖြစ်သည်။


သို့ဖြစ်၍ ယင်းစနစ်အကောင်အထည်ဖော်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရမည့် တရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးက ဦးဆောင်ဖွင့်လှစ်သည့် “တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်း” ကို ယနေ့နံနက် ၀၉း၀၀ နာရီမှ ညနေ ၀၄း၀၀ နာရီထိ Video Conferencing စနစ်ဖြင့် ကျင်းပသည်။


သင်တန်းတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဦး‌ဆောင်၍ အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး ‌ဆောင်ရွက်သည့် လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ တရားရုံးက တာဝန်ယူဆောင်ရွက်ရမည့်  လုပ်ငန်းများကို အဓိကထား ဆွေးနွေးပို့ချကြသည်။


သင်တန်းကို  တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များမှ တရားရေးဦးစီးမှူးများ ဦးဆောင်၍ တရားရုံးအဆင့်ဆင့်မှ တရားသူကြီးများ တက်ရောက်ကြသည်။


ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် “တရားမမှုများတွင် တရားရုံးကဦး‌ဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်” ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှစ၍ နှစ်အလိုက် တိုးချဲ့ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ စမ်းသပ်အစီအစဉ်၏ ရလဒ်ကောင်းများအရ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတစ်ဝန်းရှိ တရားရုံးအားလုံး၌ “တရားမမှုများတွင် တရားရုံးက ဦး‌ဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်” အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။