နေပြည်တော်၊ ဇူလိုင် ၂၀
အာဆီယံနှင့်တရုတ်နိုင်ငံကြား မိတ်ဖက်ဆောင်ရွက်မှုများ ပိုမိုလွယ်ကူတိုးတက်စေရန်နှင့် တရားရေးဆိုင်ရာ အတွေ့အကြုံဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရန်အတွက် တတိယအကြိမ်မြောက် တရုတ်-အာဆီယံတရားရေးဖိုရမ် (The 3rd China-ASEAN Justice Forum) ကို ယနေ့နံနက် ၈:၃၀ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင်ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦးသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နေပြည်တော်မှ အွန်လိုင်းဖြင့် ပါဝင်တက်ရောက်သည်။
ဖိုရမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့တရားရုံးချုပ် (Supreme People’s Court of China- SPC) ကကြီးမှူး၍ ၊ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့တရားလွှတ်တော်က ပံ့ပိုးကူညီကျင်းပခြင်းဖြစ်သည်။ ဦးစွာ ဖွင့်ပွဲအခမ်းအနားကို စတင်ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့တရားရုံးချုပ်မှ တရားသူကြီးချုပ် Zhou Qiang၊ အာဆီယံ ၁၀ နိုင်ငံမှ တက်ရာက်လာကြသော တရားသူကြီးချုပ်များ နှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့နှင့်အတူ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဖိုရမ်ကိုဆက်လက်ကျင်းပရာ တက်ရောက်လာကြသော အာဆီယံ (၁၀) နိုင်ငံမှ ကိုယ်စားလှယ်များက ဖိုရမ်၏ဆောင်ပုဒ်ဖြစ်သည့် “၂၁ ရာစု ပိုးလမ်းမကိုပူးတွဲတည်ဆောက်ဖို့ တရားရေးဆိုင်ရာ အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကြပါစို့” နှင့်အညီ တရားစီရင်ရေးနှင့် ဆက်နွှယ်သော ဘာသာရပ် ခေါင်းစဉ်များအပေါ် ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြီး အကြံဉာဏ်များဖလှယ်ကြသည်။
အဓိကအားဖြင့် “ဒေသတွင်းကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုအတွက် ပိုမိုကောင်းမွန်သောတရားစီရင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ ပံ့ပိုးနိုင်ရန် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီးပွားရေးနှင့်ကုန်သွယ်မှုစည်းမျဉ်းအသစ်များကို အရှိန်မြှင့်ဆောင်ရွက်ရေး” ၊ “အပြည်ပြည်ဆိုင်ရာ အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကာကွယ်မှုတိုးတက်စေရန် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေး” ၊ “ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စီးပွားရေးပြန်လည် ထူထောင်ရေးအတွက် တရားစီရင်ရေးဆိုင်ရာအကူအညီပေးရန် နယ်စပ်ဖြတ်ကျော်အွန်လိုင်း တရားစွဲဆိုမှုကိုမြှင့်တင်ရေး” တို့နှင့် စပ်လျဉ်း၍ စာတမ်းများဖတ်ကြားဆွေးနွေးကြသည်။
ထို့နောက် ဖိုရမ်သို့တက်ရောက်လာကြသည့်နိုင်ငံများက တတိယအကြိမ်မြောက် တရုတ်-အာဆီယံ တရားရေးဖိုရမ်၊နန်နင်းသဘောတူညီချက်ကို အတည်ပြုထုတ်ပြန်ခဲ့သည်။
ဖိုရမ်သို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးသောင်းနိုင်နှင့် ဦးသိန်းကိုကို တို့တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမိုးသူဇာဦးတို့က ဖိုရမ်အစီအစဉ်များတွင် စာတမ်းများဖတ်ကြားခဲ့ကြသည်။