ဇေယျာသီရိမြို့နယ်တရားရုံး အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင်

ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ်တရားရုံး အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက အဆိုပါရုံးနေရာ၌ ကျင်းပသည်။

အခမ်းအနားအစီအစဉ်အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မော်က အဆောက်အအုံတည်ဆောက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အဆောက်အအုံနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို အဆောက်အဦဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်အေးမြတ်သူက သက်ဆိုင်ရာတာဝန်ရှိသူထံ လွှဲပြောင်းပေးအပ်သည်။

အဆောက်အအုံသစ်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းအောင်နှင့် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် တက်ရောက်လာကြသည့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီးနောက် အဆောက်အအုံသစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

ယနေ့ဖွင့်လှစ်သည့် ဇေယျာသီရိမြို့နယ်တရားရုံးသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာနသို့ လုပ်ငန်းအပ်နှံ၍ တည်ဆောက်ခဲ့ပြီး ပင်မအဆောက်အအုံသစ်မှာ အလျား ၁၄၇ ပေ၊ အနံ ၅၆ ပေ အကျယ်အဝန်းရှိသည့် သံကူကွန်ကရစ် နှစ်ထပ်အဆောက်အအုံဖြစ်ပါသည်။

ယင်းအဆောက်အအုံပရိဝုဏ်အတွင်း Intake Counter, Information Counter သတင်းမီဒီယာတွေ့ဆုံမေးမြန်းခန်း၊ ဥပဒေအရာရှိနားနေခန်း၊ သက်သေနားနေဆောင်၊ အများသုံးသန့်စင်ခန်းများကို တရားရုံးအင်္ဂါရပ်နှင့်အညီ ထည့်သွင်းတည်ဆောက်ထားရာ   တရားရုံးအသုံးပြုသူများအနေဖြင့် တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။