နေပြည်တော် ဇန်နဝါရီ ၂၅
အမေရိကန်ပြည်ထောင်စုရှိ ဝါရှင်တန်ဒီစီမြို့နှင့် နယူးယောက်မြို့များသို့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ “တရားစီရင်ရေး လေ့ကျင့်သင်ကြားရေးဆိုင်ရာ လေ့လာရေးခရီးစဉ်” သွားရောက်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့ ညပိုင်းတွင်ထွက်ခွာသွားသည်။
အဆိုပါလေ့လာရေးခရီးစဉ်သည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်းအရ ပူးပေါင်းဆောင်ရွက်နေသည့် မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ၏ မြန်မာနိုင်ငံတရားဥပဒေ စိုးမိုးမှုမြှင့်တင်ရေး (USAID-PRLM)၏ ကူညီပံ့ပိုးမှုဖြင့် သွားရောက်ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း တရားရေးအရာရှိများအား လေ့ကျင့်သင်ကြားခြင်း၊ စည်းမျဉ်းစည်းကမ်းများနှင့် သင်ရိုးညွှန်းတမ်းများ၊ သင်ရိုးမာတိကာများ ရေးဆွဲခြင်းတို့ကို အမေရိကန်ပြည်ထောင်စုရှိ တရားရုံးများ၊ တရားရေးကောလိပ်နှင့် တရားရေးသင်တန်းကျောင်းတို့ကို သွားရောက်လေ့လာမည်ဖြစ်သည်။ ခရီးစဉ်မှ ရရှိလာသော အတွေ့အကြုံ ဗဟုသုတများကို မြန်မာနိုင်ငံတရားစီရင်ရေးကဏ္ဍတွင် တရားသူကြီးများ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင်လည်းကောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားရေးကောလိပ် တည်ထောင်မည့်စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်းကောင်း အထောက်အကူ ရရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးဝင်း နှင့်အတူ ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ပြုံးပြုံးအေး၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဦးကိုကိုနိုင်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ တာဝန်ရှိသူများ လိုက်ပါသွားကြသည်။