ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃၀) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်၊ မေ ၁၂

ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃၀) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၀၈:၃၀ နာရီတွင် နေပြည်တော်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အမှာစကား ပြောကြားရာတွင် လုပ်ငန်းဝင်သင်တန်း ဖွင့်လှစ်ရခြင်းမှာ တရားစီရင်ရေးတာဝန် ထမ်းဆောင်သည့်အခါ အရည် အချင်းပြည့်ဝသည့် တရားသူကြီးကောင်းများ ဖြစ်လာကြရန်၊ ဥပဒေပညာ ကျွမ်းကျင်ပိုင်နိုင်ပြီး တရားစီရင်ရေးတာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ရန်၊ အဓိကနှင့် အခြေခံကျသည့် ဘာသာရပ်များသာမက တရားစီရင်ရေးနှင့်ဆက်စပ်သည့် သိသင့်သိထိုက်သော အကြောင်းအရာ များကို စာတွေ့၊ လက်တွေ့ သိရှိနားလည်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သဖြင့် လုပ်ငန်းခွင်တွင် များစွာ အကျိုးကျေးဇူးရရှိမည့် သင်တန်းဖြစ်၍ သင်တန်းက ပို့ချချက်များကို အထူးဂရုစိုက်ပြီး ကြိုးစားလေ့လာ မှတ်သားလိုက်နာကြရန်ဖြစ်ကြောင်း၊ လုပ်ငန်းဝင်သင်တန်းက ရရှိသည့် အကျိုး ကျေးဇူးများနှင့် လက်တွေ့လုပ်ငန်းနယ်ပယ်တွင် ကြိုးစားအားထုတ်ပြီး ရာထူးအဆင့်ဆင့်ဖြင့် ထမ်းဆောင်ခဲ့ကြသည့် လုပ်သက်ရင့် အတွေ့အကြုံရင့်ကျက်သောသူများသည် သတ်မှတ်ထားသော အရည်အချင်းများနှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းသား၊ သင်တန်းသူ တရားရေးအရာရှိများအနေနှင့်လည်း နောင်တစ်ချိန်မှာ အဆင့်မြင့် သည့်ရာထူးနေရာများတွင် တာဝန်ထမ်းဆောင်နိုင်သူများဖြစ်အောင် ယခုကတည်းက ကြိုးစား အားထုတ် သင်ယူမှတ်သား လေ့လာဆည်းပူးကြရန် တိုက်တွန်းလိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြ၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်များနှင့်အညီ ပေးအပ် သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်ဖြစ်ကြောင်း၊ ထို့ပြင် တရားစီရင်ရေးတာဝန် ကို ထမ်းဆောင်ကြရမည့်သူများဖြစ်သည့်အတွက် တရားစီရင်ရေးကျင့်ဝတ်ကိုလည်း စောင့်ထိန်းလိုက်နာကြရန်ဖြစ်ကြောင်း ပြောကြားပါသည်။

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/သင်တန်းသူ (၈၀) ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၁၂) ပတ် ကြာမြင့်မည်ဖြစ်သည်။