စေ့စပ်ဖြေရှင်းရေးအရာရှိများအတွက် သင်တန်းကျင်းပ

နေပြည်တော် ဇန်နဝါရီ  ၂၄

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ( JICA) တို့ပူးပေါင်း၍ စေ့စပ်ဖြေရှင်းရေးအရာရှိများအတွက်သင်တန်းကို ယနေ့ နံနက် (၀၉:၀၀) နာရီတွင် နေပြည်တော် ParkRoyal Hotel ၌ ကျင်းပပြုလုပ်သည်။

အဆိုပါသင်တန်းအား ပြည်ထောင်စုတရားလွှတ်‌တော်ချုပ်က တိုးချဲ့ဆောင်ရွက်ရန် ရည်မှန်းထားရှိသည့် “တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်” တွင် စေ့စပ်ဖြေရှင်းရေးအရာရှိ၏  လုပ်ငန်းတာဝန်ကို ဆောင်ရွက်မည့် တရားသူကြီးများနှင့် တရားရေး အရာရှိများအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

သင်တန်းတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ပုံနှင့် ဥပဒေမူဘောင်၊ စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ရန် သင့်လျော်သည့် အငြင်းပွားမှုအမျိုးအစားများ၊ စေ့စပ်ဖြေရှင်းရေး မဆောင်ရွက်မီ ကြိုတင်ပြင်ဆင်ခြင်းနှင့် စေ့စပ်ဖြေရှင်းရေးအတွက် ပထမအကြိမ်တွေ့ဆုံခြင်း၊ စေ့စပ်ဖြေရှင်းရေးအရာရှိများ၏ နားထောင်မှုစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေခြင်း၊ စေ့စပ်ဖြေရှင်းရေး အရာရှိ၏ကျင့်ဝတ်၊ စေ့စပ်ဖြေရှင်းရေး သဘောတူညီချက်ရေးသားပုံ အစရှိသည့် အကြောင်းအရာများကို ဂျပန်နိုင်ငံ Chukyo University မှ Professor INABA Kazuto က ဦး‌ဆောင်ဆွေးနွေးမည်ဖြစ်သည်။

အဆိုပါသင်တန်းသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ တရားရုံးများမှ တရားသူကြီးများနှင့် တရားရေးအရာရှိများ စုစုပေါင်း (၃၀) ဦး တက်ရောက်ကြပြီး သင်တန်းအား ဇန်နဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပသွားမည်ဖြစ်ပါသည်။