နေပြည်တော်၊ ဧပြီ ၂၀
နိုင်ငံ့ဝန်ထမ်းများ သက်ပြည့်အငြိမ်းစားယူရမည့်နေ့ရက်ကို အသက် (၆၂) နှစ်ပြည့်သည့်နေ့ဟု နည်းဥပဒေပြင်ဆင်သတ်မှတ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ၃၁-၃-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၂၂) ဖြင့် ထုတ်ပြန်ခဲ့ရာ အဆိုပါအမိန့်ကြော်ငြာစာထုတ်ပြန်ချက် နှင့်အကျုံးဝင်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဆန္ဒပြုသူ အရာထမ်း (၄) ဦးအား ပြန်လည်ခန့်အပ်သည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး ဆန္ဒပြုသူအသီးသီးထံ ပြန်လည်ခန့်အပ်လွှာနှင့် တာဝန်ပေးအပ်လွှာများကို တစ်ဦးချင်းစီပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြသည်။