ပြည်‌ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ၏ (၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၇

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ခရိုင်တရားရုံး များ၏ (၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အမှာစကား ပြောကြားရာတွင် တရားရုံးများသည် အမှုအခင်းများကို မှန်မှန်နှင့်မြန်မြန် ပြီးပြတ်အောင် စစ်ဆေးစီရင်ကြရန်နှင့် မျှတမှန်ကန်သည့် အဆုံးအဖြတ်များကိုပြုကြရန်လိုကြောင်း၊ အဆင့်မြင့်တရားရုံးများကလည်း လက်အောက်တရားရုံးများအနေနှင့် အမှုများ မှန်မှန်နှင့်မြန်မြန် ပြီးပြတ်ရေးကို အမြဲမပြတ် ကြီးကြပ် ပေးရန်လိုကြောင်း၊ ထို့ပြင် လက်အောက်တရားရုံးများ၏ စစ်ဆေးစီရင်ဆုံးဖြတ်ချက်များ ဥပဒေ နှင့် ညီညွတ်မျှတ မှန်ကန်မှုရှိမရှိ စိစစ်ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပြီး မှားယွင်းချွတ်ချော်မှုများ ကိုလည်း ပြင်ဆင်တည့်မတ်ပေးရန်လိုကြောင်း၊ သို့မှသာ ဥပဒေနှင့်ညီညွတ် မျှတမှန်ကန်သည့် ဆုံးဖြတ်ချက်များကို ရရှိကြမည်ဖြစ်ကြောင်း၊ သီးသန့်တရားရုံးဖြင့် စစ်ဆေးနေသည့်အမှုများကို လည်း ကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေးအတွက် အလေးထား ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် မိမိတို့လိုက်နာရမည့် နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များနှင့်အညီ ပြုမူနေထိုင်ရေး၊ လုပ်ငန်းတာဝန် ကျေပွန်မှုရှိရေး၊ လုပ်ငန်းကျွမ်းကျင်မှုရှိရေး၊ လုပ်ရည်ကိုင်ရည် ဆိုင်ရာ အရည်အသွေး မြင့်မားရေး၊ အဂတိလိုက်စားမှုကင်းရှင်းရေး၊ ကိုယ်ကျင့်တရား ကောင်းမွန် ရေးနဲ့ စိတ်ဓာတ်မြင့်မားရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်လမ်းညွှန်ဆောင်ရွက် ပေးခြင်းဖြင့် ဝန်ထမ်းများက မိမိလုပ်ငန်းအပေါ် ဂုဏ်ယူလိုစိတ်ရှိပြီး တစ်ဦးချင်းရဲ့ ဂုဏ်သိက္ခာ၊ တရားရုံးရဲ့ ဂုဏ်သိက္ခာ၊ တရားရေးအဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ထိန်းသိမ်းသွားနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၊ တာဝန်ကျေပွန်မှုနှင့် ဌာနအတွင်း အထက်အောက် ရိုသေလေးစားမှု၊ စည်းလုံးညီညွတ်မှုရှိစေရေးကိုလည်း ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ၏ ပဉ္စမနှစ် လုပ်ငန်းအစီအစဉ် (၂၀၂၂ ခုနှစ်) အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍  မှုခင်းများစစ်ဆေးစီရင်ခဲ့မှုနှင့်စပ်လျဉ်းပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ရာဇဝတ် အမှုပေါင်း (၅၆၆) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၄၈၅ မှု အပါအဝင်) (၁၀၅၁) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၁၁၀၇) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၃၉၀ မှု အပါအဝင်) (၁၄၉၇) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော်များမှာ ရာဇဝတ်အမှုပေါင်း (၂၁၃၇) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁၇၉၈ မှု အပါအဝင်) (၃၉၃၅) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၁၆၈၉) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၂၁၈၆ မှု အပါအဝင်) (၃၈၇၅) မှု စစ်ဆေးပြီးပြတ် ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများနှင့် ခရိုင် တရားရုံးများမှာ ရာဇဝတ်အမှုပေါင်း (၁၂၉၂၁) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၆၂၄ မှု အပါအဝင်) (၁၃၅၄၅) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၇၂၄၃) မှု လက်ခံရရှိပြီး (၆၃၅၀) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ မြို့နယ်တရားရုံးများမှာ ရာဇဝတ်အမှုပေါင်း (၁၁၅၇၉၈) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၂၀၀၄၆ မှု အပါအဝင်) (၁၃၅၈၄၄) မှု စစ်ဆေးပြီးပြတ် ကြောင်း၊ တရားမအမှုပေါင်း (၁၃၀၁၉) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁၅၁၂ မှု အပါအဝင်) (၁၄၅၃၁) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ ဥပဒေအရတည်ထောင်သော အခြားတရားရုံး များဖြစ်သည့် ကလေးသူငယ်တရားရုံး (ရန်ကုန်နှင့်မန္တလေး) မှာ ကလေးသူငယ်ဥပဒေအရ စွဲဆို တင်ပို့သည့်အမှုပေါင်း (၂၉၀) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၉၈ မှု အပါအဝင်) (၃၈၈) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ စည်ပင်သာယာတရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တို့မှာ စည်ပင်သာယာဥပဒေအရ စွဲဆိုတင်ပို့သည့်အမှုပေါင်း (၁၇၉၀) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၆၉ မှု အပါအဝင်) (၁၈၅၉) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ မော်တော် ယာဉ်တရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တို့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်၍ မော်တော်ယာဉ်ဥပဒေအရ စွဲဆိုတင်ပို့သည့်အမှုပေါင်း (၂၉၃၇၉) မှုကို စစ်ဆေး စီရင်နိုင်ခဲ့ကြောင်းနှင့် အမှုများကို ကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး၊  တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။