မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား များကို ၂၂-၁-၂၀၂၂ ရက်နေ့ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ အဆိုပါရုံးနေရာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးမင်းသိန်းဇံ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းမှူးဗိုလ်ချုပ် ကိုကိုဦးနှင့် တိုင်ဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည် များဖြင့် ပက်ဖျန်းပေးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမအတွင်း၌ အခမ်းအနား ဒုတိယပိုင်း အစီအစဉ်ကို ပြုလုပ်ရာ ဦးစွာဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက တိုင်းဒေသကြီးတရားလွှတ်တော်ရုံး အဆောက်အဦသစ် နှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြပြီး အဆောက်အဦသစ်နှင့် ပတ်သက်သည့် Video Clip ကို ပြသသည်။ ယင်းနောက် အဆောက်အဦနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးထံ လွှဲပြောင်း ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌထံသို့ ပြည်ထောင်စုတရား သူကြီးချုပ်က မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အဆောက်အဦသစ် ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အဆောက်အဦပုံစံငယ် ငွေပန်းချီကားကို ပေးအပ်သည်။ 

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်အဆောက်အဦသစ် ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြား ခဲ့သည်။ ပြည်ထောင်စုတရားသူကြီးချုပ်က မန္တလေးတိုင်းဒေသကြီး 

တရားလွှတ်တော် အဆောက်အဦသစ်ကြီးကို တရားလွှတ်တော် အင်္ဂါရပ်နှင့်အညီ ခံ့ညားထည်ဝါစွာ ဆောက်လုပ်ဖွင့်လှစ်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။