နေပြည်တော်၊ ဒီဇင်ဘာ ၉
အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀:၀၀ နာရီက နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက နေပြည်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ Video Conferencing ဖြင့် တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ပြောကြား ခဲ့သည့် အမှာစကား အပြည့်အစုံမှာ---
ယနေ့ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အဖွင့်မိန့်ခွန်းပြောကြားပေးသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားကို တက်ရောက်လာသော ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အစိုးရဌာန/ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက် လျက်ရှိသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန် ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
အဂတိလိုက်စားမှုသည် လူ့အဖွဲ့အစည်း၏ နယ်ပယ်အတော်များများကို ပုံစံအမျိုးမျိုးဖြင့် လှိုက်စားဖျက်ဆီးနေသည့် မနှစ်မြို့စရာ အကျင့်ဆိုးကြီး၊ စနစ်ဆိုးကြီးဘဲ ဖြစ်ပါတယ်။ အဂတိလိုက်စားမှုကြောင့် လူ့အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ၏တန်ဖိုးကို ထိခိုက်ခြင်း၊ ကိုယ်ကျင့်သိက္ခာ ဆိုင်ရာတန်ဖိုးနှင့် တရားမျှတမှုကို လျော့ပါးစေခြင်း၊ တိုးတက်ဖွံ့ဖြိုးရေး တည်တံ့မှုနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေခြင်း၊ လူ့အဖွဲ့အစည်း၏ လုံခြုံမှုနှင့် တည်ငြိမ်မှုကို ခြိမ်းခြောက်ခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ သို့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နိုင်ငံအားလုံးက အလေးထားနေကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်နေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။
နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့နဲ့ပတ်သက်ပြီး အဓိကကျတဲ့ တရားစီရင်ရေးကဏ္ဍတွင်လည်း အဂတိလိုက်စားမှုသည် တရားမျှတမှုအပေါ် ပြည်သူတို့ရဲ့ ယုံကြည် ကိုးစားမှုကို လျော့နည်းစေပြီး သမာသမတ်ကျသော တရားစီရင်မှုအတွက် ကြီးမားသော အတားအဆီး ဖြစ်စေပါတယ်။ နိုင်ငံတော်၏ အချုပ်အခြာ အာဏာ ၃ ရပ်မှာ တရားစီရင်ရေးအာဏာကို အပ်နှင်းခြင်းခံရတဲ့ တရားရုံးများအနေနဲ့ အဂတိ တရားများ မလိုက်စားဘဲ အမှန်တရားကိုမျှတစွာ စစ်ဆေးစီရင် ဆုံးဖြတ်ပေးနိုင်မှသာလျှင် ပြည်သူတို့ရဲ့ ယုံကြည်ကိုးစားမှုကို ရရှိမှာဖြစ်ပါတယ်။
တရားရုံးများ၏ သမာသမတ်ကျသော ဆုံးဖြတ်ချက်များအပေါ် ပြည်သူတို့မှ ယုံကြည်ကိုးစားမှုရှိခြင်းသည် တရားသူကြီးများ၏ ဖြောင့်မတ်တည်ကြည်မှုနှင့် တရားစီရင်ရေး ကျင့်ဝတ်စံနှုန်းများအား စောင့်ထိန်းလိုက်နာမှု အပေါ်တွင်လည်း မူတည်ပါတယ်။ တရားသူကြီးများ က မိမိတို့စောင့်ထိန်းရမယ့် လွတ်လပ်မှု၊ သာတူညီမျှမှု၊ စွမ်းဆောင်ရည်နှင့် လုံ့လဝိရိယရှိမှု၊ သမာသမတ်ကျမှု၊ ဖြောင့်မတ်တည်ကြည်မှု၊ ဂုဏ်သိက္ခာရှိမှုစတဲ့ တရားစီရင်ရေးကျင့်ဝတ်များနဲ့ ဝန်ထမ်းကျင့်ဝတ်များကို လေးစားလိုက်နာ၍ အဂတိတရား ကင်းရှင်းစွာဖြင့် ဘက်လိုက်မှုမရှိဘဲ မျှတသော တရားစီရင်ဆုံးဖြတ်မှုကို ဆောင်ရွက်ခြင်းဖြင့် တရားစီရင်ရေးဆိုင်ရာ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။ တရားစီရင်ရေးကဏ္ဍနှင့် ဆက်စပ်ပါဝင်သူအားလုံးကလည်း တရားစီရင်ရေးအပေါ် လိုအပ်သော ပံ့ပိုးမှုများပြုခြင်းဖြင့် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုကို အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးမှ ပြည်သူများ ဥပဒေ ဘောင်အတွင်း လုံခြုံအေးချမ်းသာယာစွာ နေထိုင်အသက်မွေးဝမ်းကျောင်း ပြုနိုင်မှာဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုကိုလည်း ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (UNCAC) ၏ အပိုဒ် ၁၁ (၁) တွင်-
“တရားစီရင်ရေးအဖွဲ့၏ လွတ်လပ်မှုနှင့် အဂတိလိုက်စားမှု တိုက်ဖျက် ရာတွင် ၎င်း၏အရေးပါသောကဏ္ဍကို ထည့်သွင်းစဉ်းစားလျက် နိုင်ငံအစိုးရတိုင်း သည် ၎င်း၏ဥပဒေစနစ်၏ အခြေခံ စည်းမျဉ်းများနှင့်အညီ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုအား မထိခိုက်စေဘဲ ဖြောင့်မတ်တည်ကြည်မှု ပိုမိုအားကောင်းစေရန်နှင့် တရားစီရင်ရေးအဖွဲ့၏ အဖွဲ့ဝင်များအကြား အဂတိလိုက်စားမှု အခွင့်အလမ်းများ ဖြစ်ပေါ်မလာစေမည့် ကာကွယ်တားဆီးရန် လိုအပ်သော ဆောင်ရွက်ချက်များ ချမှတ်ရမည်။ အဆိုပါ ဆောင်ရွက်ချက်များတွင် တရားစီရင်ရေးအဖွဲ့၏ အဖွဲ့ဝင်များ၏ လုပ်ဆောင်မှုနှင့်ပတ်သက်သော စည်းမျဉ်းများ ပါဝင်နိုင်ပါသည်”
ဟု ပြဋ္ဌာန်းထားပါတယ်။
တရားစီရင်ရေးအဖွဲ့အစည်းသည် တရားစီရင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်အားလုံးကို ဖြောင့်မတ်တည်ကြည်မှု၊ အဂတိတရားကင်းစင်မှုတို့ဖြင့် လွတ်လပ်စွာ၊ သမာသမတ်ကျစွာ ဆောင်ရွက်ခြင်းဖြင့် တာဝန်ခံရမှာ ဖြစ်ပါ တယ်။ တရားစီရင်ရေးဆိုင်ရာ တာဝန်ခံမှုအတွက် တရားသူကြီး တစ်ဦးချင်း၏ တာဝန်ခံမှုနှင့် တရားစီရင်ရေးအဖွဲ့အစည်း၏ တာဝန်ခံမှုရှိရန် တရားစီရင်ရေး ဆိုင်ရာ ကျင့်ဝတ်များနှင့် ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ အပြုအမူများကို လေးစား လိုက်နာခြင်း၊ အဂတိလိုက်စားမှုများကို ရှောင်ရှားခြင်း၊ တာဝန်ခံမှုရှိခြင်း၊ အရေးယူ ဆောင်ရွက်ခြင်းတို့ဖြင့် ပွင့်လင်းမြင်သာမှုရှိရမှာဖြစ်ပြီး၊ အရည်အချင်း ပြည့်ဝမှု၊ ဘက်လိုက်မှု မရှိဘဲ စစ်ဆေးစီရင်ဆုံးဖြတ်မှုတို့ကို တာဝန်ခံနိုင်ရန်အတွက် အမြဲမပြတ် ဆန်းစစ်နေကြရမည့် အပြင် တရားရုံးဆောင်ရွက်ချက်များကို အများပြည်သူသိရှိစေရန်လည်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
တရားစီရင်ရေးကဏ္ဍအပေါ် ပြည်သူတို့ရဲ့ ယုံကြည်ကိုးစားမှု တိုးတက်မြင့်မား လာစေရေးနှင့် တရားစီရင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားရုံးလုပ်ငန်းများ ပိုမိုထိရောက် သွက်လက်မြန်ဆန်လာနိုင်မှု၊ တရားရုံးဝန်ဆောင်မှုများအား ကျယ်ပြန့်စွာပေးနိုင်မှု၊ အများပြည်သူနှင့် မီဒီယာတို့အပေါ် လိုလားစွာ ထိတွေ့ဆက်ဆံနိုင်မှု၊ ခေတ်မီသည့် မှုခင်းစီမံ ခန့်ခွဲမှုနှင့် တရားရုံးနည်းပညာ အသုံးပြုနိုင်မှု၊ တရားစီရင်ရေး လုပ်ငန်းစဉ်များအပေါ် ပွင့်လင်း မြင်သာ၍ တာဝန်ခံနိုင်မှု၊ တရားရုံးများ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာမှုတို့သည် မရှိမဖြစ် လိုအပ်တဲ့အရာများ ဖြစ်ပါတယ်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် လူတိုင်းသို့ အရည်အသွေးမြင့် တရားမျှတမှုကို ဖြည့်ဆည်းပေးရေးနှင့် တရားရုံးများအပေါ် ပြည်သူလူထု၏ စိတ်ချယုံကြည်မှုနှင့် ထိရောက်မှုရှိသည့် တရားဥပဒေ စိုးမိုးရေးကို မြှင့်တင်ရေး ရည်မှန်းချက်များဖြင့် တရားစီရင်ရေး ဆိုင်ရာ မဟာဗျူဟာစီမံကိန်းများကို ရေးဆွဲ၍ တရားရုံးဝန်ဆောင်မှုများ အများပြည်သူ လက်လှမ်းမီနိုင်မှုကို လွယ်ကူတိုးတက်စေရေး ဆောင်ရွက်ပေးရန်၊ အများပြည်သူ၏ အသိအမြင်ကို မြှင့်တင်ပေးရန်၊ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် စီမံခန့်ခွဲနိုင်မှု စွမ်းရည် မြှင့်တင်ရန်၊ တရားစီရင်ရေး၏ ပညာရပ်ကျွမ်းကျင်မှု၊ တာဝန်ခံယူနိုင်မှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို မြှင့်တင်ပေးရန်၊ ထိရောက်သော မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးကဆောင်ရွက်သော အထူးမှုခင်း ကိစ္စရပ်တို့ကို တိုးမြှင့်ဆောင်ရွက်ပေးရန်စတဲ့ လုပ်ငန်းနယ်ပယ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
တရားစီရင်ရေးလုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာ၍ တာဝန်ခံနိုင်မှုရှိစေရန်၊ တရားရုံး၏ လုပ်ငန်းဆောင်တာများအပေါ် ယထာဘူတကျကျ အကဲဖြတ်နိုင်စေရန်၊ တရားရုံးများအနေ ဖြင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်နှင့် တရားစီရင်ရေးကဏ္ဍ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို အများသိရှိလာစေရန်အတွက်လည်း တရားရုံးနှစ်စဉ်အစီရင်ခံစာများမှတစ်ဆင့် တရားစီရင်ရေးကဏ္ဍနှင့်စပ်လျဉ်း၍ တရားရုံးများ၏ ကြိုးပမ်းအားထုတ် ဆောင်ရွက်နေမှုများကို ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိခွင့်ရရှိခြင်းဖြင့် အများပြည်သူ ယုံကြည်ကိုးစားလာမှုကို များစွာ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။
တရားစီရင်ရေးနယ်ပယ်မှာ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုများ ဖြစ်ပေါ်ခြင်းသည် လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို လျော့နည်းစေပြီး၊ တရားစီရင်ရေး လွတ်လပ်မှုနဲ့ သမာသမတ်ကျမှုတို့ကိုလည်း ကင်းမဲ့စေတဲ့အပြင် တရားစီရင်ရေးအဖွဲ့အစည်း၏ ဂုဏ်သတင်းကို ညှိုးနွမ်းစေပြီး ပြည်သူတို့၏ ယုံကြည်ကိုးစားမှုကို ပျက်ပြားစေပါတယ်။ တရားစီရင်ရေး ကဏ္ဍမှာ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုများ ကင်းရှင်းစေရေးအတွက် ကျင့်ဝတ်သိက္ခာ ထိန်းသိမ်းလိုက်နာရေး၊ စိတ်ဓာတ်၊ ခံယူချက် မြင့်မားရေး၊ အသိအမြင် မြှင့်တင်ရေး၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေတို့နဲ့အညီ ဆောင်ရွက်ရေးစတဲ့ နည်းလမ်းများဖြင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ သို့မှသာ အဂတိ တရားကင်းစင်သည့်၊ ဖြောင့်မတ်ခိုင်မာသည့် တရားစီရင်ရေးမဏ္ဍိုင်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါ တယ်။
နိဂုံးချုပ်အနေဖြင့် တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်မှန်ကန်ရေးအတွက် အဂတိ တရားကင်းစင်သည့်၊ ဘက်လိုက်မှုကင်းသည့်၊ ဖြောင့်မတ်တည်ကြည်သည့်၊ သမာသမတ် ကျသည့် တရားစီရင်ရေးကို ဖော်ဆောင်ခြင်း၊ တရားရုံးဝန်ဆောင်မှုများ၊ တရားမျှတမှု လက်လှမ်းမီနိုင်မှုများ၊ တာဝန်ခံယူ နိုင်မှုများ မြင့်မားအောင် ဆောင်ရွက်ခြင်းတို့ဖြင့် တရားစီရင် ရေးအပေါ် ယုံကြည်ကိုးစားလာမှု တိုးတက်မြင့်မားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် တရားစီရင်ရေး ကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ တရားသူကြီးများအနေနဲ့ မိမိတို့ရဲ့ ကျင့်ဝတ်သိက္ခာများကို လိုက်နာစောင့်ထိန်းပြီး အဂတိတရား ကင်းစင်စွာဖြင့် တရားစီရင်ရေး တာဝန်များကို ထမ်းဆောင် ကြရမှာဖြစ်ပြီး တရားစီရင်ရေးကဏ္ဍနှင့် ဆက်စပ်သူများဖြစ်တဲ့ တရားစွဲအဖွဲ့အစည်းများ၊ ဥပဒေ အရာရှိများ၊ ရှေ့နေရှေ့ရပ်များ၊ အမှုသည်များအပါအဝင် သတင်းမီဒီယာများ၊ ပြည်သူများက လည်း မိမိတို့ရဲ့ ကျင့်ဝတ်သိက္ခာများကို စောင့်ထိန်း လိုက်နာပြီး အဂတိတရားများ ကင်းစင်စွာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် မျှတတဲ့ တရားစီရင်ရေးနဲ့ ထိရောက်မှုရှိတဲ့ တရားဥပဒေ စိုးမိုးရေးကို အတူဖော်ဆောင်ကြပါစို့လို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။