နေပြည်တော် ဇန်နဝါရီ ၁၀
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (JICA) တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာစီးပွားရေး အငြင်းပွားမှု များနှင့်စပ်လျဉ်း၍ တရားသူကြီးများအတွက် ဆရာဖြစ် သင်တန်းကို ယနေ့နံနက် ၀၈:၃၀ က နေပြည်တော်၊ Park Royal Hotel ၌ ကျင်းပပြုလုပ်သည်။
အဆိုပါသင်တန်းကို အပြည်ပြည်ဆိုင်ရာစီးပွားရေးအငြင်းပွားမှုများနှင့်စပ်လျဉ်း၍ မြန်မာတရားသူကြီးများနှင့် တရားရေးအရာရှိများ ပိုမိုနားလည်သဘောပေါက်စေရန်လည်းကောင်း၊ နိုင်ငံတစ်ဝှမ်းလုံးရှိ တရားသူကြီးများနှင့် တရားရေးအရာရှိများထံ ယင်းအသိပညာဗဟုသုတများကို ထိထိရောက်ရောက် ဖြန့်ဝေပေးနိုင်မည့် သင်တန်းဆရာများ စနစ်တကျလေ့ကျင့်ပျိုးထောင်ပေးရန်လည်းကောင်း ရည်ရွယ် ကျင်းပခြင်းဖြစ်သည်။
သင်တန်းတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရပ်များကို ဥပဒေရှုထောင့်မှလေ့လာခြင်း (Case Study Book on International Transaction) စာအုပ်ပြုစုစဉ်အခါက အဓိက ကူညီပံ့ပိုးပေးခဲ့သည့် ဂျပန်နိုင်ငံ Nishimura & Asahi Law Firm မှ ရန်ကုန်ရုံးထိုင်ရှေ့နေ Mr. SUZUKI Takefumi နှင့် ဦးကြည်ချမ်းငြိမ်းတို့က တက်ရောက် ဆွေးနွေးကြမည်ဖြစ်ပြီး၊ အပြည်ပြည်ဆိုင်ရာစီးပွားရေး လုပ်ငန်းများနှင့်စပ်လျဉ်းသည့် စာချုပ်ချုပ်ဆိုခြင်း၊ ကုမ္ပဏီဖွဲ့စည်းပုံ၊ ဖြစ်ပွားလေ့ရှိသည့် အငြင်းပွားမှုများ အစရှိသည့် အကြောင်းအရာတို့ကို ဆွေးနွေးကြမည် ဖြစ်သည်။
အဆိုပါသင်တန်းသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ ဥပဒေများလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့် ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံးတို့မှ တရားရေးအရာရှိများ၊ တိုင်းဒေသကြီး / ပြည်နယ် အသီးသီးရှိ တရားရုံးများမှ ခရိုင်အဆင့် တရားသူကြီးများနှင့် တရားရေးအရာရှိများ စုစုပေါင်း (၂၁) ဦး တက်ရောက်ကြပြီး သင်တန်းကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်သည်။