ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဒီဇင်ဘာ  

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် တာဝန်ရှိသူ များ လိုက်ပါလျက် ယနေ့ နံနက် (၉:၃၀) နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း အကျဉ်းထောင်သို့ ရောက်ရှိပြီး ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၆၇ အရ နှစ်ရှည် ထောင်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူများ၊ ပြစ်ဒဏ်ကျ အကျဉ်းသား၊ အကျဉ်းသူများ၊ အမှုစစ်ဆေးဆဲ အချုပ်သား၊ အချုပ်သူများအား တွေ့ဆုံသည်။

ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်သည် အကျဉ်းထောင်အတွင်းရှိ အကျဉ်း သား၊ အကျဉ်းသူများ၏ နေရာထိုင်ခင်း သက်သာချောင်ချိမှုရှိ/မရှိ၊ သန့်ရှင်းမှုရှိ/မရှိ၊ အာဟာရ သင့်တင့်မျှတမှုရှိ/မရှိ၊ ကျန်းမာရေးပြည့်စုံမှုရှိ/မရှိ၊ မကျန်းမာပါက ဆေးကုသရန်အခွင့်အရေး ရှိ/မရှိ၊ အမျိုးသမီး အကျဉ်းသူများအား အကာအရံ လုံခြုံစွာထားရှိခြင်းရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

ဆက်လက်၍ အကျဉ်းထောင်မှ တာဝန်ရှိသူတစ်ဦးက အကျဉ်းထောင်အတွင်း စစ်ဆေးမှုမှတ်တမ်းများအားလည်းကောင်း၊ ပြစ်ဒဏ်ကျခံနေရသူများ၊ အချုပ်ခံနေရသူများ၏ အခြေအနေ၊ နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သောက်သုံးရေ ရရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုတရားသူကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုတရားသူကြီးချုပ်သည် ရမည်းသင်းခရိုင်တရားရုံး၊ ရမည်းသင်းမြို့နယ်တရားရုံး၊ ပျော်ဘွယ်မြို့နယ်တရားရုံး၊ တပ်ကုန်းမြို့နယ်တရားရုံး၊ ပုဗ္ဗသီရိ မြို့နယ်တရားရုံးများသို့ သွားရောက်ကြည်ရှု့စစ်ဆေးခဲ့ပြီး တရားသူကြီးများ၊ တရားရုံးဝန်ထမ်း များနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုတရားသူကြီးချုပ်သည် ဇေယျာသီရီမြို့နယ်တရားရုံးနှင့် တရားစီရင်ရေးကောလိပ် (Judicial College) တည်ဆောက်ရေးလုပ်ငန်းခွင်များသို့ သွားရောက် ကြည့်ရှု့စစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဒေါ်အေးအေးမော် နှင့် တာဝန်ရှိသူများက ခရီးဦးကြိုဆိုခဲ့ကြပြီး တည်ဆောက် လုပ်ကိုင် နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ ၎င်းနောက် ဥတ္တရခရိုင်တရားရုံးတည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။