နေပြည်တော်၊ နိုဝင်ဘာ ၂၂
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့်် “(၂၂) ကြိမ်မြောက် တရားသူကြီးချုပ်များ အပြည်ပြည်ဆိုင်ရာညီလာခံ” (WEBINAR of the 22nd International Conference of Chief Justice of the World) သို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါညီလာခံကို အိန္ဒိယနိုင်ငံ၊ Lucknow မြို့ရှိ City Montessori School (CMS) Society က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး နိုင်ငံတကာမှ တရားသူကြီးချုပ်များ၊ တရားသူကြီးများ၊ နိုင်ငံခေါင်းဆောင်များ တက်ရောက်ခဲ့ပါသည်။
ယခုနှစ်တွင်ကျင်းပသည့် ညီလာခံကို “Global Governance for a Sustainable World Order” ခေါင်းစဉ်ဖြင့် ပြုလုပ်ပြီး၊ ညီလာခံတွင် နိုင်ငံတကာအကြမ်းဖက်မှုများ၊ တရားဥပဒေမဲ့ ကိစ္စရပ်များနှင့် ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများသည် လူသားများအပေါ် ခြိမ်းခြောက်မှုများဖြစ်ပေါ်လျက်ရှိသဖြင့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများ ချမှတ်ဆောင်ရွက် ရန်၊ ကမ္ဘာလုံးဆိုင်ရာပေါင်းစည်းမှုနှင့် ငြိမ်းချမ်းမှုကိုဖြစ်ပေါ်စေသော ပတ်ဝန်းကျင် ဆောင်ရွက်ဖန်တီးရန်နှင့် လူသားမျိုးနွယ်စုအတွက် လုံခြုံစိတ်ချရသည့် အနာဂတ်ဖော်ဆောင်ရန်တို့ကို အဓိကဆွေးနွေးခဲ့ကြပါသည်။
ညီလာခံ တတိယနေ့ (၂၁.၁၁.၂၀၂၁) တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်သည် “Climate Change and Sustainable Development in Myanmar: the Role of the Judiciary” ခေါင်းစဉ်ဖြင့်် ပါဝင်ဆွေးနွေးခဲ့ပါသည်။
ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် လေးရက်တာကျင်းပပြုလုပ်ခဲ့သည့် အဆိုပါညီလာခံသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်နှင့်အတူ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် သုတေသနဌာန ညွှန်ကြားရေးမှူး ဒေါ်မာလာမော် ပါဝင်တက်ရောက်ခဲ့ပါသည်။