နေပြည်တော်၊ နိုဝင်ဘာ ၁၆ ရက်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မြန်မာနိုင်ငံတရားစီရင်ရေးအတွက် ရေးဆွဲအကောင်အထည်ဖော် လျက်ရှိသည့် ငါးနှစ်တာ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ၏ ၂၀၂၂ ခုနှစ် အတွက် ပဉ္စမနှစ်တရားစီရင်ရေးမဟာဗျူဟာလုပ်ငန်းအစီအစဉ် (Year 5 Action Plan) ရေးဆွဲထုတ်ပြန်နိုင်ရေး အွန်လိုင်းဖြင့် ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပ ပြုလုပ်သည်။
အဆိုပါ အွန်လိုင်းဖြင့် ကျင်းပပြုလုပ်သည့် ညှိနှိုင်းဆွေးနွေးပွဲသို့ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဦးကိုကိုနိုင်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးနှင့် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတရားလွှတ်တော်များမှ တရားရေးဦးစီးမှူးများ၊ ပဉ္စမနှစ်တရားစီရင်ရေးမဟာဗျူဟာလုပ်ငန်းအစီအစဉ်ရေးဆွဲရေး အဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ ပဉ္စမနှစ်လုပ်ငန်းအစီအစဉ် (၂၀၂၂ ခုနှစ်) အောင်မြင်စွာရေးဆွဲထုတ်ပြန်နိုင်ရေး အတွက် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် ဆွေးနွေးခဲ့ကြသည်။