(၁၆) ကြိမ်မြောက် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၁၆) ကြိမ်မြောက် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် COVID-19 ရောဂါ ကာကွယ် တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက် (၀၆:၀၀) နာရီအချိန်က ပြည်ထောင်စုတရား လွှတ်တော်ချုပ် စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တရားရေးအရာထမ်းများ နှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များထံ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြပြီးနောက် ဇေယျသိမ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုန္ဒရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှအတန်း ပေးဝေခဲ့ပြီး ဆရာတော်သံဃာတော်များနှင့်ဧည့်ပရိတ်သတ်အပေါင်းတို့မှ အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ပါသည်။  ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၁၆) ကြိမ်မြောက် ကထိန်လျာ သင်္ကန်းဆက်ကပ်လှူဒါန်းရာတွင် ပစ္စည်းနှင့်အလှူငွေစုစုပေါင်းတန်ဖိုးမှာ (၈၈၁၅၂၅၀)ကျပ် ဖြစ်ပါသည်။