ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၂၉) သင်တန်းဆင်းပွဲ၊ ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ တာဝန်ပေးအပ်လွှာများအပ်နှင်းခြင်းနှင့် ကျမ်းသစ္စာပြုခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၁၅

 

ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၂၉) သင်တန်းဆင်းပွဲ ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ တာဝန်ပေးအပ်လွှာများအပ်နှင်းခြင်းနှင့် ကျမ်းသစ္စာပြုခြင်း အခမ်းအနားကို ယနေ့နံနက် ၀၈း၀၀ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ စုဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများက သင်တန်းတွင် ထူးချွန်သူများကို ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်က အသစ်ခန့်အပ်ထားသည့် လုပ်ငန်းဝင်သင်တန်းအမှတ်စဉ် (၂၉) မှ ဒုတိယမြို့နယ်တရားသူကြီးများအား သက်ဆိုင်ရာမြို့နယ်တရားရုံးအသီးသီးတွင် တာဝန်ထမ်း ဆောင်စေရန် တာဝန်ပေးအပ်လွှာများ အပ်နှင်းခဲ့သည်။ ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူ တရားရေးအရာရှိများက ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ ရှေ့မှောက်တွင် ကျမ်းသစ္စာပြုကြသည်။

အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့်အတူ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများ၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးတို့မှ တာဝန်ရှိသူများနှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်တရားရုံးများတွင် တွဲဖက်ထားရှိသည့် သင်တန်းသား၊ သင်တန်းသူ တရားရေးအရာရှိများ တက်ရောက်ခဲ့ကြပြီး ကျန်သင်တန်းသား၊ သင်တန်းသူ တရားရေးအရာရှိများက အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ကြသည်။ အဆိုပါ သင်တန်းဆင်း အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။