ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး “(၉) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေး” သို့ တက်ရောက်

နေပြည်တော် အောက်တိုဘာ ၇

အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ တရားရုံးချုပ်မှ ကြီးမှူး၍ “(၉) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ် များကောင်စီ အစည်းအဝေး (The 9th Meeting of the Council of ASEAN Chief Justices)” ကို ယနေ့ နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး သည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နေပြည်တော်မှ ပါဝင်တက်ရောက်သည်။

ဦးစွာ  ဖွင့်ပွဲအခမ်းအနားကို  စတင်ကျင်းပရာ  အင်ဒိုနီးရှားသမ္မတနိုင်ငံ  တရားရုံးချုပ်၊  တရားသူကြီးချုပ် The Hon. Muhammad Syarifuddin က အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် တက်ရောက်လာကြသည့် အာဆီယံနိုင်ငံ များမှ တရားသူကြီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ အဖွင့်အမှာစကား ပြောကြား ခဲ့သည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ အာဆီယံအတွင်းရေးမှူးချုပ် H.E. Mr. Lim Jock Hoi လည်း တက်ရောက်၍ အမှာစကားပြောကြားပါသည်။

အစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ရာတွင် အာဆီယံတရားသူကြီးချုပ်များကောင်စီ (CACJ) လုပ်ငန်းအဖွဲ့များဖြစ်ကြသည့် အာဆီယံတရားရေးသတင်းအချက်အလက်ပေါ်တယ် (ASEAN Judiciaries Portal)၊ အာဆီယံဒေသတွင်း တရားမမှုခင်းဆင့်စာဆင့်ဆိုမှု လွယ်ကူစေရေး (Facilitating Service of Civil Processes within ASEAN)၊ မှုခင်းစီမံခန့်ခွဲမှုနည်းလမ်းများနှင့် တရားရုံးနည်းပညာအသုံးပြုမှု (Case Management and Court Technology)၊ တရားစီရင်ရေးဆိုင်ရာ လေ့ကျင့်သင်ကြားပေးခြင်း (Judicial Education and Training)၊ နိုင်ငံဖြတ်ကျော်ဖြစ်ပွားသည့် မိသားစုမှုခင်းဆိုင်ရာ ကလေးသူငယ် အငြင်းပွားမှုများ ဖြေရှင်းရေး (Cross-Border Disputes Involving Children)၊ အာဆီယံနှင့် အခြားသော မိတ်ဖက်နိုင်ငံများ တွေ့ဆုံဆွေးနွေးမှုပြုခြင်း (ASEAN + Meetings)၊ အနာဂတ်တွင် ကောင်စီ၏လုပ်ငန်း များ လေ့လာရေး (Study Group on Future Work of CACJ) စသည့် လုပ်ငန်းအဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက တင်သွင်းလာသည့် အစီရင်ခံစာများအပေါ် ပြည်ထောင်စုတရားသူကြီးချုပ်သည် အစည်းအဝေးတက်ရောက်လာကြသည့် အာဆီယံတရားသူကြီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် များနှင့်အတူ ပါဝင်ဆွေးနွေးခဲ့သည်။ ထို့ပြင် ပြည်ထောင်စုတရားသူကြီးချုပ်သည် ယခင်နှစ် ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေးပြီးနောက် ကိုဗစ်-၁၉ ကပ်ရောဂါ ၏ အကျိုးသက်ရောက်မှုများ၊ ဖြေရှင်းမှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတရားစီရင်ရေးကဏ္ဍ၏ ဆောင်ရွက်မှု များကို တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် အစည်းအဝေးတွင် တက်ရောက်လာကြသည့် အာဆီယံ တရားသူကြီးချုပ်များကောင်စီ အဖွဲ့ဝင်များသည် Òဂျာကာတာကြေညာချက် (Jakarta Declaration)Ó ကို အတည်ပြုထုတ်ပြန်ခဲ့ကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့်အတူ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသည့် ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီနှင့် CACJ ၏ လုပ်ငန်းအဖွဲ့အသီးသီးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ပါဝင်ဆောင်ရွက်လျက်ရှိကြသည့် လုပ်ငန်းအဖွဲ့ကိုယ်စားလှယ်များကလည်း လေ့လာသူများအဖြစ် ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။