နေပြည်တော်၊ ဩဂုတ် ၂၆
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် များ၏ (၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉း၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အမှာစကား ပြောကြားရာတွင် တရားစီရင်ရာတွင် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြား ချက်များကို စေ့စပ်သေချာစွာ လေ့လာဆည်းပူး၍ မှန်ကန်တိကျစွာ လိုက်နာကျင့်သုံး ဆောင်ရွက် ကြရန်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေအရ ဝန်ထမ်းများ ရောဂါကူးစက် ဖြစ်ပွားမှု မရှိစေရေးနှင့် လုပ်ငန်းယန္တရားများ လည်ပတ်မှု၊ ထိခိုက်မှု မရှိစေရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များနှင့်အညီ တရားစီရင်ရေးလုပ်ငန်းများနှင့် တရားရုံးလုပ်ငန်း များ လည်ပတ်နိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် နည်းပညာကိုလည်း အသုံးပြု၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် တရားရုံးများမှာ မှုခင်းစစ်ဆေးမှုများ ပိုမိုမှန်ကန်မြန်ဆန်ရေး၊ အများပြည်သူ ယုံကြည်လက်လှမ်း မီနိုင်သည့် မှုခင်းအချက်အလက်စနစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ထိရောက်သည့် နည်းပညာသုံး မှုခင်း စီမံခန့်ခွဲမှုစနစ်များ တည်ဆောက်နိုင်ရေး စသည့် တရားရုံးနည်းပညာ တိုးမြှင့်ဆောင်ရွက်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန် များ ထမ်းဆောင်ရာတွင်လည်း ဂုဏ်သိက္ခာရှိရှိ ရိုးရိုးသားသား မှန်မှန်ကန်ကန်နှင့် အဂတိတရား ကင်းစင်စွာ ထမ်းဆောင်ကြရန်ဖြစ်ကြောင်းနှင့် လိုက်နာရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ စောင့်ထိန်းရမည့် ဝန်ထမ်းကျင့်ဝတ်များနှင့် တရားစီရင်ရေးကျင့်ဝတ် များကိုလည်း လေးစားလိုက်နာ စောင့်ထိန်းကြရန်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ မှုခင်းများစစ်ဆေးစီရင်ခဲ့မှုနှင့်စပ်လျဉ်းပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ရာဇဝတ်အမှုပေါင်း (၃၁၆) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၂၆၇ မှု အပါအဝင်) (၅၈၃) မှု စစ်ဆေးပြီးပြတ် ကြောင်း၊ တရားမအမှုပေါင်း (၅၉၆) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၅၇ မှု အပါအဝင်) (၆၅၃) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တရားလွှတ်တော်များမှာ ရာဇဝတ်အမှုပေါင်း (၁၃၄၂) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁၀၃၅ မှု အပါအဝင်) (၂၃၇၇) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၈၈၄) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁၅၉၇ မှု အပါအဝင်) (၂၄၈၁) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများနှင့် ခရိုင်တရားရုံးများမှာ ရာဇဝတ်အမှုပေါင်း (၆၀၉၁) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၇၆ မှု အပါအဝင်) (၆၁၆၇) မှု စစ်ဆေး ပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၄၀၅၈) မှု လက်ခံရရှိပြီး (၂၇၅၇) မှု စစ်ဆေးပြီးပြတ် ကြောင်း၊ မြို့နယ်တရားရုံးများမှာ ရာဇဝတ်အမှုပေါင်း (၆၆၃၃၁) မှု လက်ခံရရှိပြီး (၆၂၅၁၃) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၈၃၈၂) မှု လက်ခံရရှိပြီး (၆၇၉၈) မှု စစ်ဆေး ပြီးပြတ်ကြောင်း၊ ဥပဒေအရတည်ထောင်သော အခြားတရားရုံးများဖြစ်သည့် ကလေးသူငယ် တရားရုံး (ရန်ကုန်နှင့်မန္တလေး) မှာ ကလေးသူငယ်ဥပဒေအရ စွဲဆိုတင်ပို့သည့်အမှုပေါင်း (၁၇၂) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၆၃ မှု အပါအဝင်) (၂၃၅) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ စည်ပင်သာယာတရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တို့မှာ စည်ပင်သာယာဥပဒေအရ စွဲဆိုတင်ပို့သည့်အမှုပေါင်း (၈၅၀) မှု လက်ခံရရှိပြီး (၈၃၁) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ မော်တော် ယာဉ်တရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တို့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်၍ မော်တော်ယာဉ်ဥပဒေအရ စွဲဆိုတင်ပို့သည့်အမှုပေါင်း (၂၀၃၀၉) မှုကို စစ်ဆေး စီရင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ တရားရုံးအဆင့်ဆင့်သို့ စွဲဆိုသည့်အမှု စုစုပေါင်း၏ ၉၆.၆၂ ရာခိုင်နှုန်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်းဖြင့် ပြောကြားသည်။
အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြ သည်။ အစည်းအဝေးကို ဩဂုတ်လ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။