နေပြည်တော်၊ မေ ၂၅
ရည် ညွှန်း ချက်။ (၁) တရားရုံးချုပ်၏၂၀-၄-၁၉၈၉ ရက်စွဲပါစာအမှတ် ၁၀၇/၅/တရခ
(၂) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၂-၅-၂၀၂၆ ရက်စွဲပါစာအမှတ် ၁၈/၁၂၂/ပတခ(၈၇၅/၂၀၂၆)
နိုတြီပဗ္ဗလစ်များသည် တရားမဝင်အဖွဲ့အစည်းများက ထုတ်ပေးသည့် စာမှတ်စာတမ်းများကို ထောက်ခံချက်ပြုလုပ်ပေးခြင်း၊ မှားယွင်းစွာဘာသာပြန်ဆိုခြင်း၊ ကွာရှင်းစာချုပ်တွင်ဖော်ပြထားသည့်နေ့ရက်၌ ရန်ကုန်တိုင်းတရားရုံး တည်ရှိခြင်းမရှိဘဲ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အဖြစ်တည်ရှိနေသည်ကို သိရှိလျက်မမှန်ကန်သည့် ကွာရှင်းစာချုပ်ကိုထောက်ခံချက်ပြုလုပ်ပေးခြင်း၊ နိုတြီဆိုင်များမှ ယူလာသောစာချုပ်များကိုလက်ခံ၍ တစ်နေ့လျှင် စောင်ရေ ၂၀၀ ကျော် ၃၀၀ နီးပါး လက်မှတ်ရေးထိုးပေးနေခြင်းမှာ စိစစ်မှုအားနည်းစေနိုင်ခြင်းတို့ကြောင့် အရေးယူခဲ့ရသည့်ဖြစ်စဉ်များ ပေါ်ပေါက်လျက်ရှိပါသည်။
အချို့သော နိုတြီပဗ္ဗလစ်များသည် မိမိတို့အသုံးပြုသော သက်ဆိုင်ရာပုံစံများတွင် လက်မှတ်များကြိုတင်ရေးထိုးလျက် လျှောက်လွှာစာရေးအစရှိသည့် ပုဂ္ဂိုလ်များအားတာဝန်မဲ့စွာပေးထားကြခြင်း၊ ဆိုင်ရာပုံစံများပါ ဖြည့်သွင်းမှုကို ကိုယ်တိုင်စစ်ဆေးမှုမရှိသဖြင့် မသမာမှုများပေါ်ပေါက်ခြင်းတို့ကြောင့် နိုတြီပဗ္ဗလစ်များအပေါ် အထင်အမြင်မှားစေမည့်လုပ်ရပ်များရှောင်ရှားကြရန်နှင့် ယင်းကိစ္စများပေါ်ပေါက်လာပါကနိုတြီပဗ္ဗလစ်၏တာဝန်များကို ပြန်လည်ရုပ်သိမ်းမည့်ပြင်ရှေ့နေကျင့်ဝတ်ဖောက်ဖျက်မှုဖြင့်လည်းအရေးယူမည်ဖြစ်ကြောင်း ဖော်ပြညွှန်ကြားသည့် ရည်ညွှန်း (၁) စာကို နိုတြီပဗ္ဗလစ်ခန့်အပ်သည့် အမိန့်ကြော်ငြာစာနှင့် ပူးတွဲ၍ပေးပို့ထားပါသည်။
နိုတြီပဗ္ဗလစ်များသည် သာမန်တရားလွှတ်တော်ရှေ့နေများထက် ပို၍ကြီးလေးသောတာဝန်များကို ထမ်းဆောင်သူများဖြစ်သည်နှင့်အညီ မိမိလက်မှတ်ရေးထိုးမည့် စာရွက်စာတမ်းများ၏ စစ်မှန်မှုကို တာဝန်ယူစိစစ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြရန်နှင့် ဂရုပြုဆောင်ရွက်သွားကြရန်၊ အလားတူကိစ္စများ ပေါ်ပေါက်လာပါကထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရည်ညွှန်း (၂) စာကို ထပ်မံထုတ်ပြန် ပေးပို့ထားကြောင်း အသိပေးကြေညာပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်