နေပြည်တော်၊ သြဂုတ် ၃
ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေအရ ထိမ်းမြားပေးနိုင်ခွင့်လိုင်စင်ရသူများနှင့် ထိမ်းမြားမှုမှတ်ပုံတင်အရာရှိများ လိုက်နာရန်ကိစ္စရပ်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၏ ၁၇-၃-၂၀၂၆ ရက်စွဲပါ စာအမှတ်၊ ၁၁၁/စု-၃၉/၂၀၂၆(လထန)ဖြင့် ထုတ်ပြန်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၏ Website (www.unionsupremecourt.gov.mm) တွင် ကြေညာထားပြီးဖြစ်ပါသည်။
အဆိုပါညွှန်ကြားစာ၏ အပိုဒ် ၂ (ဋ) ၌ ခရစ်ယာန်ထိမ်းမြားပေးနိုင်ခွင့် လိုင်စင်ရသူများ၏ နေရပ်လိပ်စာ၊ ရုံးခန်းလိပ်စာပြောင်းလဲခြင်း၊ တံဆိပ်တုံးပြောင်းလဲခြင်း၊ ဆက်လက်လုပ်ကိုင်မှုမရှိခြင်း၊ ကွယ်လွန်ခြင်း စသည့်ဖြစ်စဉ်ပြောင်းလဲမှုများကို ထိမ်းမြားမှုမှတ်ပုံတင်အရာရှိချုပ်ထံ (၇) ရက်အတွင်း အကြောင်းကြားရန်ညွှန်ကြားထားပါသည်။
ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေအရ ထိမ်းမြားပေးနိုင်ခွင့်လိုင်စင်ရသူများစာရင်း update ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ website (www.union supremecourt.gov.mm) တွင် လွှင့်တင်ရန် ထိမ်းမြားပေးနိုင်ခွင့်လိုင်စင်ရသူများအား ဆက်သွယ်ရာတွင် လိုင်စင်လျှောက်ထားစဉ်က နေရပ်လိပ်စာတွင် နေထိုင်ခြင်းမရှိ၍ စုံစမ်းမရခြင်း၊ တံဆိပ်တုံးပြောင်းလဲမှုကို အကြောင်းမကြားခြင်း၊ နေရပ်လိပ်စာ/ရုံးခန်းလိပ်စာ ပြောင်းလဲခြင်း သို့မဟုတ် ဆက်လက်လုပ်ကိုင်မှုမရှိခြင်း သို့မဟုတ် ကွယ်လွန်ခြင်း သို့မဟုတ် ပြည်ပထွက်ခွာနေထိုင်ခြင်း စသည်တို့ကို တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေအရ ထိမ်းမြားပေးနိုင်ခွင့်လိုင်စင် ရသူများအနေဖြင့် မိမိတို့၏ နေရပ်လိပ်စာ၊ ရုံးခန်းလိပ်စာ၊ တံဆိပ်တုံး၊ ဆက်လက်လုပ်ကိုင်ခြင်း ရှိ မရှိ၊ သက်ရှိထင်ရှား ရှိ မရှိ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များကို ထိမ်းမြားမှုမှတ်ပုံတင်အရာရှိချုပ်ထံသို့ စာလမ်းကြောင်းဖြင့်လည်းကောင်း၊ lpdp@e-usc.gov.mm e-mail သို့လည်းကောင်း ဤကြေညာချက်ထုတ်ပြန်သည့်နေ့မှ (၁၄) ရက်အတွင်း နောက်ဆုံး ထား၍ ပေးပို့ပါရန် အသိပေးကြေညာပါသည်။
ထိမ်းမြားမှုမှတ်ပုံတင်အရာရှိချုပ်