ခရစ်ယာန်ထိမ်းမြားပေးနိုင်ခွင့်လိုင်စင်ရသူများ ဂရုပြုလိုက်နာရန် ကြေညာချက်

နေပြည်တော်၊ ဇွန် ၉

ရည်ညွှန်းချက်။         ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံး၏ ၉ - ၆ -၂၀၂၆ ရက်စွဲပါ စာအမှတ်၊ ၂၃၂ / စု-၃၉ / ၂၀၂၆ (လထန)

ခရစ်ယာန်ထိမ်းမြားမှုလိုင်စင်ရသူများက ပေးပို့လာသော ထိမ်းမြားသက်သေခံအထောက် အထားများ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းတွင် ဗုဒ္ဓဘာသာဝင် ဖြစ်ကြောင်း ဖော်ပြထားသည့် အမျိုးသမီးက ခရစ်ယာန်အသင်းတော် အသင်းဝင်ဖြစ်ကြောင်း၊ သိက္ခာတော်ရဆရာနှင့် မိခင်၏ထောက်ခံချက်၊ ရေနှစ်ခြင်းမင်္ဂလာလက်မှတ်၊ ရေနှစ်ခြင်း မင်္ဂလာခံယူ၍ ခရစ်ယာန်ဘာသာ ကိုးကွယ်ကြောင်း ဝန်ခံချက်တို့ဖြင့် ဘာသာကူးပြောင်းထားကြောင်း တင်ပြလာမှုများအရ ထိမ်းမြားပေးခြင်းများကို တွေ့ရှိရပါသည်။  

သူတစ်ဦးက မိမိယုံကြည်ရာအလိုက် ကိုးကွယ်လျက်ရှိသော ဘာသာကို စွန့်လွှတ်၍ အခြား ကိုးကွယ်ရာဘာသာသို့ လွတ်လပ်သောသဘောဆန္ဒဖြင့် ကူးပြောင်းကိုးကွယ်ခြင်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ (၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၈)ကို  ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားပါသည်။

ကိုးကွယ်ရာဘာသာကူးပြောင်းလိုသူအနေဖြင့် ၎င်းနေထိုင်ရာမြို့နယ်ရှိ ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေအရ ဖွဲ့စည်းထားသည့် မှတ်ပုံတင်ရေးအဖွဲ့သို့ ယင်းဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (ဂ) နှင့်အညီ တင်ပြလျှောက်ထားရမည်ဖြစ်၍ မှတ်ပုံတင်ရေးအဖွဲ့က သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပြီးပါက သက်သေခံလက်မှတ်ထုတ်ပေးမည်ဖြစ်ပြီး မှတ်ပုံတင်ရေးအဖွဲ့က သက်သေခံလက်မှတ်ထုတ်ပေးသည့်နေ့ရက်မှစ၍သာ ကိုးကွယ်ရာဘာသာ ကူးပြောင်းခွင့် ရရှိပြီးဖြစ်သည်ဟု မှတ်ယူနိုင်မည်ဖြစ်ပါသည်။

ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၂၇ တွင် “ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဥပဒေအရသာဆောင်ရွက်ရမည်” ဟု ပြဋ္ဌာန်းထားရာ ကိုးကွယ်ရာဘာသာကူးပြောင်းလိုသူအနေဖြင့် မိမိ၏ယုံကြည်ရာအလိုက် ကိုးကွယ်လျက်ရှိသောဘာသာကိုစွန့်လွှတ်၍ အခြားကိုးကွယ်ရာဘာသာသို့ ကူးပြောင်းကိုးကွယ်လိုပါက ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

ခရစ်ယာန်ထိမ်းမြားပေးနိုင်ခွင့်လိုင်စင်ရသူများသည် ဝိနည်းနှင့်အညီ ထိမ်းမြားခြင်းဆောင်ရွက် ရာတွင် ထိမ်းမြားလိုသူတို့၏ ဘာသာကူးပြောင်းမှုနှင့်စပ်လျဉ်း၍ အထက်ပြဋ္ဌာန်းအချက်များကို သိရှိလိုက်နာရန် အကြောင်းကြားစာ ပေးပို့ထားကြောင်း အသိပေးကြေညာပါသည်။

 

 

 

ထိမ်းမြားမှုမှတ်ပုံတင်အရာရှိချုပ်