နေပြည်တော်၊ မေ ၂၅
၁။ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၇ သို့မဟုတ် ပုဒ်မ ၁၇ အရ မှတ်ပုံတင်မည့် အသင်းအဖွဲ့များက ထောက်ခံချက်လျှောက်ထားရာတွင် လိုက်နာရန်ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးက ၅-၁-၂၀၂၃ ရက်စွဲပါ စာအမှတ်၊ ၁/စု ၄၀/၂၀၂၃ (လထန) ဖြင့် ထုတ်ပြန်ထားပြီးဖြစ်ပါသည်။
၂။ အဆိုပါကြေညာချက်အရ လျှောက်ထားမှုများကိုစိစစ်ရာတွင် အချို့လျှောက်ထားမှုများတွင် အကြောင်းအချက်အလက်များမပြည့်စုံခြင်း၊ အသင်း၏တံဆိပ်ဆင်တူယိုးမှားဖြစ်ခြင်းများကို တွေ့ရှိရပါသည်။ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးသည် အသင်းအဖွဲ့များ၏ ထောက်ခံချက်လျှောက်ထားမှုများကို သက်ဆိုင်ရာဥပဒေပြဌာန်းချက်များ၊ နည်းဥပဒေများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့၏ သတ်မှတ်ချက်များနှင့်အညီစိစစ်၍ ထောက်ခံချက်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
၃။ သို့ပါ၍ ထောက်ခံချက်လျှောက်ထားသည့် အသင်းအဖွဲ့များကလျှောက်ထားသည့်ပုံစံတွင် အောက်ပါအချက်များကို ပြည့်စုံစွာဖော်ပြ၍ ပူးတွဲတင်ပြပေးပါရန် အသိပေးအပ်ပါသည်-
(က) အသင်း၏လှုပ်ရှားဆောင်ရွက်ချက်များ၊
(ခ) အသင်း၏ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များ၊ ဥပဒေရေးရာ၊ တရားစီရင်ရေးနှင့်တရားမျှတမှုကို အထောက်အကူပြုနိုင်မှုဖော်ပြချက်များ၊
(ဂ) အသင်းအဖွဲ့၏ အမည်၊ တံဆိပ်၊ အမှတ်အသား၊ ဝတ်စုံ၏ဒီဇိုင်းပုံစံဖော်ပြချက်များ၊
(ဃ) အဆိုပါ အမည်၊ တံဆိပ်၊ အမှတ်အသား၊ ဝတ်စုံ၏ ဒီဇိုင်းပုံစံတို့သည် ဥပဒေပုဒ်မ ၂၈ (ခ) ပြဌာန်းချက်နှင့်အညီ (၁) နိုင်ငံတော်၊ အစိုးရဌာနအဖွဲ့အစည်းများမှ တရားဝင်အသုံးပြုလျက်ရှိသည့် အမည်၊ တံဆိပ်၊ အမှတ်အသား၊ ဝတ်စုံ၏ ဒီဇိုင်းပုံစံ၊ (၂) မှတ်ပုံတင်လက်မှတ်ရရှိထားသည့် အသင်းအဖွဲ့၏အမည်နှင့် အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်ထားသည့် အဖွဲ့အစည်းတစ်ရပ်ရပ်၏ အမည်၊ တံဆိပ်၊ အမှတ်အသား၊ ဝတ်စုံ၏ဒီဇိုင်းပုံစံ၊ (၃) တစ်နိုင်ငံလုံး၊ တိုင်းရင်းသားလူမျိုးစုတစ်ရပ်၊ လူမျိုးစုအားလုံး သို့မဟုတ် လုပ်ငန်းနယ်ပယ်တစ်ခုလုံးကို ကိုယ်စားပြုဆောင်ရွက်နိုင်ခြင်းမရှိဘဲရယူထားသော အမည်တို့နှင့်ထပ်တူ/ဆင်တူယိုးမှား မဖြစ်ကြောင်းဝန်ခံချက်။
၄။ မေးမြန်းလိုသည့်အချက်အလက်များရှိပါက LIDP@usc.gov.mm သို့လည်းကောင်း၊ ဖုန်းနံပါတ် ၀၆၇၃၄၃၀၄၂၄ နှင့် ၀၆၇၃၄၃၀၃၃၀ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာန
ပြည်ထောင်စုတရားလွှတ်တော်ချုပ်