နေပြည်တော်၊ ဧပြီ ၂၈
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အာဆီယံဒေသတွင်း စံနှုန်းနှင့်ညီညွတ်သော “စေ့စပ်ဖြေရှင်းရေးအရာရှိများအတွက် ကျင့်ဝတ်ဆိုင်ရာတန်ဖိုးများ” ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၀၇/၂၀၂၃ ဖြင့် ထုတ်ပြန်လိုက်သည်။
စေ့စပ်ဖြေရှင်းရေးစနစ်အပေါ် အများပြည်သူယုံကြည်ကိုးစားမှု တိုးမြှင့်လာစေရန်ရည်ရွယ်ချက်ဖြင့် တရားမကျင့်ထုံးဥပဒေပုဒ်မ ၈၉-က၊ ပုဒ်မခွဲ (၅) အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဤသို့ထုတ်ပြန်ခြင်းဖြစ်သည်။
စေ့စပ်ဖြေရှင်းရေးအရာရှိများအတွက် ကျင့်ဝတ်ဆိုင်ရာတန်ဖိုးများတွင် လွတ်လပ်မှု၊ သာတူညီမျှရှိမှု၊ သမာသမတ်ကျမှု၊ ဂုဏ်သိက္ခာရှိမှု၊ စွမ်းဆောင်ရည်ပြည့်ဝမှု၊ စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ချက်များ၏လုံခြုံမှု၊ အငြင်းပွားသူတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကိုလေးစားမှုနှင့် စေ့စပ်ဖြေရှင်းရေးကိုတလွဲသုံးခြင်းမှ ရှောင်ကြဉ်မှုတို့ပါဝင်သည်။
မြန်မာနိုင်ငံအတွင်း စေ့စပ်ဖြေရှင်းရေးအရာရှိအဖြစ် ဆောင်ရွက်သူများအနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရာတွင် ဖော်ပြပါကျင့်ဝတ်ဆိုင်ရာတန်ဖိုးများကို လေးစားလိုက်နာရမည်ဖြစ်သည်။
“စေ့စပ်ဖြေရှင်းရေးအရာရှိများအတွက် ကျင့်ဝတ်ဆိုင်ရာတန်ဖိုးများ” အား အင်္ဂလိပ်ဘာသာသို့ပြန်ဆို၍ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေရေးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။
ဆက်လက်ဖတ်ရှုရန်