ရာဇဝတ်အထူးအယူခံမှု စီရင်ချက်များ ( ၂၀၁၁ ခုနှစ် - ၂၀၂၁ ခုနှစ် ) ပထမတွဲစာအုပ် ဝယ်ယူရရှိနိုင်ကြောင်း ကြေညာခြင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ဝေသည့် “ရာဇဝတ်အထူးအယူခံမှု စီရင်ချက်များ (၂၀၁၁ ခုနှစ် - ၂၀၂၁ခုနှစ်) ပထမတွဲ” စာအုပ်ကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း စီရင်ဆုံးဖြတ်ခဲ့သော ရာဇဝတ်အထူးအယူခံမှု စီရင်ချက်များကို ပထမတွဲနှင့်ဒုတိယတွဲခွဲခြား၍ အကြောင်းအရာအလိုက် စုစည်းထုတ်ဝေသွားမည်ဖြစ်ရာ ယခုထုတ်ဝေသော ရာဇဝတ်အထူးအယူခံမှု စီရင်ချက်များ (ပထမတွဲ) စာအုပ်တွင် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း စီရင်ဆုံးဖြတ်ခဲ့သော ရာဇသတ်ကြီး၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၁၇၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၆၁ - က၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၂၂ (၁)၊ စွဲချက်၊ နောက်တိုးတရားခံ၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၀၃၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၇၆ တို့နှင့်သက်ဆိုင်သည့် အထူးအယူခံမှု စီရင်ချက်များကို အကြောင်းအရာကဏ္ဍအလိုက်စုစည်းထားပါသည်။

          

အများပြည်သူတို့အတွက် ဥပဒေပညာအသိအမြင်များရရှိနိုင်ရန်၊ တရားစီရင်ရေးတွင် အကျိုးသက်ဆိုင်သည့် ကဏ္ဍအသီးသီးအတွက် ဥပဒေပညာအတွေးအမြင်များ တိုးပွားနိုင်ရန်နှင့်တရားရုံးအဆင့်ဆင့်က ဥပဒေပြဌာန်းချက်များကို ကောက်ယူသုံးသပ်ရာတွင် ညီညွတ်မှုရှိစေရန် ရည်ရွယ်ထုတ်ဝေခြင်းဖြစ်ပါသည်။

          

ဝယ်ယူလိုပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ပြစ်မှုတရားစီရင်ရေးဌာနနှင့် တရားရုံးအသီးသီးတွင် တစ်အုပ်လျှင် ၂၀၀၀၀/- ကျပ် (နှစ်သောင်း) နှုန်းဖြင့် ဝယ်ယူရရှိနိုင်ပါကြောင်း အသိပေးအပ်ပါသည်။