ဖွံ့ဖြိုးတိုးတက်ဖြစ်ပေါ်မှု

လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိပြီးနောက် ၁၉၄၈ ခုနှစ် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေအရ တရားလွှတ်တော်ချုပ်၊ တရားလွှတ်တော်နှင့် အဆင့်ဆင့်သော တရားရုံးများကို ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီမှ နိုင်ငံတော်အာဏာကို ရယူခဲ့ပြီးနောက် တရားစီရင်ရေးစနစ်အား ဆိုရှယ်လစ် တရားစီရင်ရေးစနစ်သို့ အသွင် ပြောင်းလဲခဲ့ပါသည်။   တော်လှန်ရေး ကောင်စီသည် တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်အား ဖျက်သိမ်းပြီး ယင်းတို့အစား တရားရုံးချူပ်ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံ အ‌ခြေခံ ဥပဒေအရ ဗဟိုတရားရုံး၊ ပြည်နယ်နှင့် တိုင်းတရားရုံးများ၊ မြို့နယ်တရားရုံးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု တရားရုံးများကို ဖွဲ့စည်းခဲ့ပါသည်။ ထိုခေတ် တရားစီရင်ရေးစနစ်၏ ထူးခြားချက်မှာ တရားရုံးအဆင့်ဆင့်တွင် လုပ်သားပြည်သူများ ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်ခြင်းဖြစ်ပါသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် မြန်မာနိုင်ငံ၌ တရားစီရင်ရေး ဆောင်ရွက်ရန်နှင့် အဆင့်ဆင့်သော တရားရုံးများ ဖွဲ့စည်းရန်အတွက် ၁၉၈၈ ခုနှစ်၊ တရားစီရင်ရေး ဥပဒေကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြဌာန်းခဲ့ပါသည်။ တရားရုံးများ ပြင်ဆင်ဖွဲ့စည်းရန်နှင့် တရားစီရင်ရေးစနစ် ပိုမိုတိုးတက် ကောင်းမွန်စေရန် ရည်ရွယ်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ၂၀၀၀ ပြည့်နှစ် ဇွန်လ ၂၇ ရက် နေ့တွင် ၂၀၀၀ပြည့်နှစ် တရားစီရင်ရေးဥပဒေကို ပြဌာန်းပြီးနောက် ၁၉၈၈ ခုနှစ် တရားစီရင်ရေး ဥပဒေအား ဖျက်သိမ်းခဲ့ပါသည်။

မျက်မှောက်ခေတ် တရားစီရင်ရေး စနစ်သည် ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေနှင့် ၂၀၁၀ ခုနှစ်၊ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေတို့အရ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။