အဆင့်ဆင့်သော တရားရုံးများမှ သတင်းရယူခြင်း၊ ထုတ်ပြန်ခြင်းပြုရာတွင် အောက်ဖော်ပြပါ အချက်အလက်များအား လိုက်နာရန် လိုအပ်ပါသည် -
(က) တရားရုံးသို့ သတင်းရယူရန် လာရောက်ရာတွင် သတင်းထောက်အသိအမှတ်ပြုကဒ် (Identity Card) ပါရှိရမည်။
(ခ) သက်ဆိုင်ရာ ရုံးအကြီးအကဲထံ ခွင့်ပြုချက်တောင်းခံ၍ ကြိုတင်ချိန်းဆိုမှုပြုပြီး သတ်မှတ်ထားသောနေရာတွင်သာ နည်းလမ်းတကျ သတင်းရယူရမည်။
(ဂ) ဗီဒီယိုနှင့် ဓါတ်ပုံရိုက်ကူးရာတွင် သတ်မှတ်ထားသည့် တွေ့ဆုံခန်းအတွင်းတွင်သာ ရိုက်ကူးရမည်။ သတင်းနှင့်မစပ်ဆိုင်သည့်နေရာများတွင် ဗီဒီယိုနှင့် ဓါတ်ပုံရိုက်ကူးခြင်းမပြုရ။
(ဃ) သတင်းရယူသူများအနေဖြင့် အမှုသည်များနှင့်အတူ လာရောက်မေးမြန်းခြင်း၊ သတင်းရယူခြင်းမပြုရ။
(င) စစ်ဆေးဆဲမှုခင်းများနှင့်ပတ်သက်၍ မှုခင်းဖြစ်ပွားမှုသတင်းနှင့် အမှုစစ်ဆေးဆောင်ရွက်သည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စရပ်များအပေါ်တွင် မေးခွန်းများ မေးမြန်းနိုင်သော်လည်း အမှု၏ အရည်အသွေးနှင့်စပ်ဆိုင်သော မေးခွန်းများကို မေးမြန်းခြင်းမပြုရ။
(စ) တရားရုံးပရဝုဏ်အတွင်း ရောက်ရှိနေသူ မည်သူတစ်ဦးတစ်ယောက်ကိုမှ ရုံးအကြီးအကဲ၏ ခွင့်ပြုချက်မရရှိဘဲ မေးမြန်းခြင်း၊ သတင်းရယူခြင်းမပြုရ။
(ဆ) တရားခွင်အတွင်းသို့ ဝင်ရောက်သတင်းရယူလိုပါက တရားရုံးအကြီးအကဲ၏ ခွင့်ပြုချက်ရယူရမည်။
(ဇ) တရားခွင်အတွင်းသို့ အသံဖမ်းစက်၊ ကင်မရာ၊ လက်ကိုင်ဖုန်းများ ယူဆောင်လာခြင်းမပြုရ။
(ဈ) အမှုစစ်ဆေးစီရင်နေသည့် တရားခွင်အတွင်းသို့ တစ်နည်းနည်းဖြင့် ဗီဒီယိုရိုက်ကူးခြင်း၊ ဓါတ်ပုံရိုက်ကူးခြင်း လုံးဝမပြုလုပ်ရ။
(ည) သတင်းရေးသားရာတွင် တရားရုံးကို မထီမဲ့မြင်ဖြစ်စေသော ၊ ဖြောင့်မှန်စွာ တရားစီရင်ရေးကို ထိခိုက်စေသော ဝေဖန်ရေးသားမှုမျိုးကို ရှောင်ကြဉ်ရမည်။
(ဋ) ကလေးသူငယ်များ ပါဝင်ပတ်သက်နေသော မှုခင်းများတွင် ကလေးသူငယ်များ၏ သတင်းနှင့်ပတ်သက်၍ တရားရုံး၏ ခွင့်ပြုချက်ရရှိမှသာ ရေးသားဖော်ပြရမည်။
(ဌ) ထုတ်ပြန်ပေးသည့်သတင်းနှင့်စပ်လျဉ်း၍ ပုံနှိပ်ထုတ်ဝေခြင်းမပြုမီ တိကျသေချာမှုရှိစေရန် တတ်နိုင်သမျှဆောင်ရွက်ရမည်။
(ဍ) သတင်းကို မှားယွင်းရေးသားမိကြောင်း သိလျှင်သိချင်း ဆောလျင်စွာ လူသိရှင်ကြား ပြန်လည်ဖြေရှင်းပေးရမည်။
(ဎ) သတင်းရေးသားရာတွင် တည်ဆဲဥပဒေ၊ ဓလေ့ထုံးတမ်းများနှင့် မီဒီယာကျင့်ဝတ်များကို လိုက်နာရေးသားရမည်။
(ဏ) ဥပဒေတစ်ရပ်ရပ်အရ ကန့်သတ်ထားသော စာရင်းဇယားများ၊ ဓါတ်ပုံမှတ်တမ်းများ၊ စာတမ်းအမှတ်အသား ရေးသားချက်များကို သတင်းရေးသားခြင်းမပြုရ။